စစ်ကိုင်းရှိ စစ်ကောင်စီ တင့်ကားတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

အုန်းတောရွာရှိ စစ်ကောင်စီတပ်၏ အမှတ် (၆၀၀၅)တင့်ကားတပ်ရင်းမြင်ကွင်း/ဓာတ်ပုံ။ ။ယူနီကွန်းပြောက်ကျားတပ်ဖွဲ့

အုန်းတောရွာရှိ စစ်ကောင်စီတပ်၏ အမှတ် (၆၀၀၅)တင့်ကားတပ်ရင်းမြင်ကွင်း/ဓာတ်ပုံ။ ။ယူနီကွန်းပြောက်ကျားတပ်ဖွဲ့

ကိုခင်မောင်

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ စစ်ကောင်စီတပ်၏ အမှတ် (၆၀၀၅) တင့်ကားတပ်ရင်းအား ဒရုန်းဖြင့် ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျား တပ်ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။

မေလ၅ရက်က ပြုလုပ်ခဲ့သည့် ထိုတိုက်ခိုက်မှုတွင် ဗိုလ်မှူးနေသည့်အဆောင်နှင့် ကားများထားသောနေရာ ဂိတ်​ပေါက်ဘေးတွင် တလုံးစီကျရောက်ပေါက်ကွဲခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မဇ္စျိမအားပြောသည်။

“သေဆုံးမှု ရှိ၊ မရှိမသိရပါဘူး ။ ကျန်တာနှစ်လုံးက ဘယ်နေရာပေါက်ကွဲလဲ မမြင်လိုက်ရဘူး။” ဟု ၎င်းပြောသည်။

အဆိုပါစစ်ဆင်ရေးကို Phoenix Sagaing၊ ကြောင်လက်သည်း (ဝက်လက်)၊ Young Wolf (L.P.D.F)၊တောတွင်း တွတ်ပီ(L.P.D.F)၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerrilla Force၊ နယ်မြေခံ (ပကဖ)များ စုပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့တပ်ရင်းမှာက စကစတွေ အင်အားကများမှာဗျ။ အတိအကျခန့်မှန်းဖို့ကျ အဆင်မပြေနိုင်ဘူး အဲ့ထဲကကောင်တွေကတော့ တပ်ထဲ ဒရုန်းနဲ့ချရင် အုန်းတောကိုမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ထားတာကြာပြီ” ဟု တာဝန်ရှိသူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီ၃၀ရက်ကလည်း အ.ထ.က အုန်းတောကျောင်းဝင်းတွင် တပ်စွဲထားပြီး လမ်းသွား၊ လမ်းလာယာဥ်များအား ပိုက်ဆံတောင်းငွေညှစ်နေသည့် စစ်ကောင်စီတပ်များကို ဒရုန်းများဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ထိုသို့တိုက်ခိုက်ပြီးနောက် အမှတ်(၆၀၀၅)တင့်ကားတပ်ရင်းကို ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ်များဖြင့် အချက်ရေများစွာပြန်လည် ပစ်ခတ်ခဲ့သော်လည်း မဟာမိတ်ပူးပေါင်းတပ်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ထံက သိရသည်။

အုန်းတောရွာသည် စစ်ကိုင်းမြို့နှင့် ၁၀မိုင်ခန့်အကွာတွင်တည်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး