အိန္ဒိယနိုင်ငံရေးတွင် မပါဝင်ကြရန် မြန်မာနိုင်ငံသားများကို NUG ထပ်မံအသိပေး

ပုံအညွှန်း - မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များ/ဓါတ်ပုံ - Network for Unity Association Mizoram

မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များ/ဓါတ်ပုံ – Network for Unity Association Mizoram

ပါခွီး

(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံတွင် လုံခြုံရေးအရ ခိုလှုံနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့နေထိုင်သည့် ပြည်နယ်နိုင်ငံရေးတွင် မပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၇ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထုတ်ပြန်အသိပေးသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ရောက်ရှိခိုလှုံနေထိုင်နေသည့် ပြည်နယ်၏ နိုင်ငံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အရေးအရာများ ဥပမာ အားဖြင့် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုနှင့် လူမျိုးရေးအခြေပြု အခြေတင်ဖြစ်မှုများတွင် မလိုအပ်ဘဲ ငြိစွန်းရောယှက်မှုများ မရှိစေရေး သတိပြုနေထိုင်ကြပါရန် ပန်ကြားထားသည်။

၎င်းအပြင် အိန္ဒိယသမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ထိပါးစေသည့် ပြုမူလုပ်ဆောင်မှုများကို ရှောင်ကြဥ်ကြရန် ထုတ်ပြန်ချက်တွင်အသိပေးထားသည်။

အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေကြသည့်မြန်မာနိုင်ငံသားများ လိုက်နာရမည့်အချက်များပါဝင်သည့် အသိပေးမေတ္တာရပ်ခံချက်ကို ပထမအကြိမ်အဖြစ် ၂၀၂၃ခုနှစ် ဇွန်လ ၁၅ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ယခုထပ်မံထုတ်ပြန်ချက်တွင်ပါဝင်သော အသိပေးချက်များမှာ အများအားဖြင့်တူညီပြီး ဆက်လက်စောင့်ထိန်းလိုက်နာကြပါရန် အသိပေးပန်ကြားထားသည်။

“မြန်မာနိုင်ငံသားအများအားဖြင့်တော့ သူတို့နိုင်ငံရေးတွေ ရွေးကောက်ပွဲတွေမှာ ဝင်ပါတာတော့ မရှိပါဘူး ၊ ဒါပေမဲ့ မဲဆွယ်စည်းရုံးတဲ့အခါ အနိုင်ရချင်ဇောနဲ့ ကိုယ့်လူမျိုးတွေကို အသုံးချသွားမှာတော့ စိုးရိမ်ရတယ်” ဟု မြန်မာနိုင်ငံသားတဦးက မဇ္စျိမကိုပြောသည်။

၂၀၂၃ ခုနှစ်အတွင်း မဏိပူရပြည်နယ်တွင် ကသည်းနှင့် ကူကီးလူမျိုးရေးပြဿနာဖြစ်ခဲ့ပြီး ယခုနှစ်၌ အိန္ဒိယနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲများပြုလုပ်နေသဖြင့် သတိပေးခြင်းမျိုးဖြစ်နိုင်သည်ဟုဆိုသည်။

ယမန်နှစ်က အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း ကသည်းလူမျိုးများနှင့် ကူကီးအပါဝင် တောင်ပေါ်သားများအကြား လူမျိုးရေးပဋိပက္ခအတွင်း မြန်မာနိုင်ငံမှ ကာကွယ်ရေးတပ်ဖွဲ့များ ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲချက်များထွက်ပေါ်ပြီးနောက် NUG က အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခု အိန္ဒိယနိုင်ငံ၌ အောက်လွှတ်တော်အထွေထွေရွေးကောက်ပွဲ (Lok Sabha)ကို ဧပြီလ ၁၉ရက်မှ စတင်ပြီး ဇွန်လ ၁ရက်နေ့အထိ အဆင့် ခုနစ်ဆင့်ခွဲကာ တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပနေချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထပ်မံအသိပေးထုတ်ပြန်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများအနေဖြင့် မူးယစ်ဆေးဝါးနှင့် တောတိရစ္ဆာန်များတရားမဝင် ရောင်းဝယ်သယ်ဆောင်မှုပြုလုပ်ခြင်းများတွင် ပါဝင်ပတ်သက်ခြင်းမပြုလုပ်ရန်လည်း အသိပေးထားသည်။

မြန်မာနိုင်ငံဖက်မှ မူးယစ်ဆေးဝါးဝင်ရောက်လာမှုကို မီဇိုရမ်ပြည်နယ်တွင် အဆက်မပြတ်ဖမ်းဆီးရရှိနေပြီး ရှားပါးတိရစ္ဆာန်များလည်း ဝင်ရောက်လျက်ရှိနေကာ မြန်မာနိုင်ငံသားများရောက်ရှိပြီးနောက် အရက်ထုတ်လုပ်မှုမြင့်တက်လာနေကြောင်း ပြည်နယ်မူးယစ်အရာရှိက ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာနိုင်ငံသားများ ရောက်ရှိနေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများရှိ ဒေသခံပြည်သူလူထုနှင့် သင့်တင့်လျောက်ပတ်စွာ နေထိုင်ပေးကြရန်နှင့် ထုတ်ပြန်ထားသော လူမှုရေး ၊ ဘာသာရေးစည်းကမ်းများကိုလည်း လိုက်နာပေးကြပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကျန်းမာရေး ၊ လူမှုရေးအပါအဝင် အရေးပေါ်လိုအပ်ချက်တစုံတရာကြောင့် နယ်စပ်ဖြတ်ကူးသွားလာကြသောအခါ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်အေးချမ်းမှု ဆက်လက်တည်မြဲနိုင်ရန်အတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် အရပ်ဖက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန် ပန်ကြားထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် တစုံတရာအခက်အခဲများကြုံရပါက စစ်ဘေးရှောင် ကူညီရေးဆောင်ရွက်နေသည့် မြန်မာအရပ်ဘက် လူမှုရေးအဖွဲ့အစည်းများအား ဆက်သွယ်အသိပေးတိုင်ပင်ခြင်း ၊ လိုအပ်ပါက နိုင်ငံခြားရေးဝန်ကြီးဌာနအား ဆက်သွယ်အသိပေးကြပါရန် အသိပေးထားသည်။

မြန်မာနိုင်ငံသားများ ကြည့်ရှုစောင့်ရှောက်နေကြသည့် လူမှုအဖွဲ့အစည်းများအနေဖြင့် ယခုနိုးဆော်အသိပေးချက်ကို ဆက်စပ်ထိတွေ့နေသော ဘာသာရေးအဖွဲ့အစည်း ၊ စစ်ဘေးရှောင်စခန်းများနှင့် အသိုက်အဝန်းများသို့ ထပ်ဆင့်အသိပေးပါရန် NUG ထုတ်ပြန်ချက်တွင် မေတ္တာရပ်ခံထားသည်။

အိန္ဒိယနိုင်ငံအတွင်း မီဇိုရမ် ၊ မဏိပူရ ၊ နာဂလဲန်းပြည်နယ်များနှင့် မြို့တော် နယူးဒေလီမြို့တွင် မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် ၊ CDMဝန်ထမ်းများအပါအဝင် စစ်ဘေးရှောင် ၅၀,၀၀၀ကျော် ခိုလှုံလျက်ရှိကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများထံမှသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)