မလည်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းမှအကြိမ် ၃၀ ကျော် တိုက်ခိုက်

ကန့်ဘလူမြို့နယ်၊ မလည်ရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်နေစဥ်/ဓာတ်ပုံ။ ။ CJ

ကန့်ဘလူမြို့နယ်၊ မလည်ရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်နေစဥ်/ဓာတ်ပုံ။ ။ CJ

ကိုခင်မောင်

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာသဖြင့် လေကြောင်းမှအကြိမ် ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းရဲဘော်သတင်းရင်းမြစ်နှင့် ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ် ရှားသူများအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ (မေလ ၇ ရက်) နံနက် ၅ နာရီ ၁၅ မိနစ်တွင် မလည်ရွာစစ်ကောင်စီတပ်စခန်းကို ကန့်ဘလူခရိုင် တပ်ရင်းတပ်ဖွဲ့များအပါအဝင် မဟာမိတ်တပ်ဖွဲ့များက စခန်းသိမ်းရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့တိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိအခိုက်အကျအဆုံးများပြီး စခန်းစွန့်ခွာထွက်ပြေးကြသဖြင့် ဘန်ကာများဖြိုဖျက်ရန် စခန်းကုန်းအတွင်းသို့ဝင်ရောက်စဥ် လေကြောင်းမှတိုက်ခိုက်ခြင်းဖြစ်ကြောင်း ရှေ့တန်းရဲဘော်ကဆိုသည်။

ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ မလည်စခန်းကုန်းရှိ ဘန်ကာများနှင့် ကတုတ်ကျင်းများအထိ ဝင်ရောက်နိုင်ခဲ့သာ်လည်း Y-12 ထောက်ပို့လေယာဉ်ဖြင့် သုံးနာရီနီးပါးပစ်ခတ်ပေးနေပြီး မန္တလေးဘက်မှ စစ်ကူအင်အား ၇၀ ခန့်ရောက်ရှိလာခြင်းကြောင့် စခန်းကုန်းအား မီးရှို့ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာခဲ့ရ သည်ဟု ရှေ့တန်းရဲဘော်သတင်းရင်းမြစ်က မဇ္စျိမအားပြောသည်။

“တိုက်ပွဲမှာ လက်နက်တွေအများကြီးသိမ်းနိုင်တယ်။ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများတယ်။ ကျွန်တော်တို့ဘက်ကလည်း ရဲဘော်တွေကျဆုံးတာရှိတယ်။ အတိအကျကိုတော့ သတင်းထုတ်ပြန်မှာပါ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်က မလည်ကျေးရွာကို Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၁၀ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၆ ကြိမ်နှင့် Y-12 စစ်ထောက်ပို့လေယာဉ်ဖြင့် ၁၆ ကြိမ်တိတိ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး မန္တ‌လေးဘက်ခြမ်းမှ ဟောင်ဝစ်ဇာဖြင့် အကြိမ် ၅၀ ထက်မနည်း ပစ်ကူပေးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူ များအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် မလည်ကျေးရွာတွင်နေအိမ်များ မီးလောင်ကျွမ်းခဲ့ ပြီး အိမ်ခြေအတိအကျမသိရသေးကြောင်း ယင်းအဖွဲ့မှ ပြောသည်။

ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူမြို့နယ်၊ ယမနေရွာရှိ စစ်ကောင်စီအထိုင်စခန်းမှ စစ်ကူ လာသော အင်အား ၁၅၀ ခန့်ကိုလည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး မန္တလေး ဘက်မှမြစ်ကြောင်းဖြတ်ကာ စစ်ကူလာသော အင်အား ၇၀ ခန့် မလည်ရွာသို့ဝင်ရောက်လာသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

မလည်ရွာတိုက်ပွဲသည် ရှစ်နာရီခန့်ရှိပြီး ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)၊ တပ်ရင်း (၂)၊ တပ်ရင်း(၃)၊ တပ်ရင်း(၄)တပ်ဖွဲ့များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီအထိုင်စခန်း အား သိမ်းပိုက်နိုင်ရန် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ပွဲကြောင့် မလည်ရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများဖြစ်သော မြေမှုန်၊ ကံပြား၊ ပဇီကြီး၊ ပဇီလေး၊ ရွှေဘိုချောင်စသည့်ကျေးရွာပေါင်း ၁၀ ရွာကျော်မှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။

စာတည်း။ ။စောဖေ