တရုတ်တွင် ကျောင်းသားများ မဖြစ်မနေ စစ်သင်တန်းတက်ရမည်

Photo:Getty Images

NIKKEI Asia:-

တရုတ်တွင် အထက်တန်းကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများ စစ်သင်တန်းတက်ရမည့် ဥပဒေမူကြမ်းအရ တရုတ်အစိုးရသည် မူလတန်းကျောင်းသားများကဲ့သို့ ငယ်ရွယ်သော ကလေးငယ်များကိုပင် နိုင်ငံတော်ကာကွယ်ရေး အသိပညာပေးမှုများ တိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိနေသည်။ 

ပြည်သူအားလုံးကို နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အယူအဆများ၊ အသိပညာများနှင့် ကျွမ်းကျင်မှုများကို သင်ကြားပေးရန် ရည်ရွယ်ကြောင်း နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ပညာရေးဥပဒေ ပြင်ဆင်ချက်မူကြမ်းတွင် ဖော်ပြထားသည်။ 

ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်အရေးကိစ္စများနှင့်ပတ်သက်၍ အမေရိကန်နှင့် တင်းမာမှုများမြင့်တက်နေစဉ် အဆိုပါ ဥပဒေကို ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြင်ဆင်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။ တက္ကသိုလ်အချို့တွင် ကျောင်းသားများကို ကျည်အစစ်များ၊ တင့်ကားများဖြင့် လေ့ကျင့်ရန် ခွင့်ပြုထားပြီ ဖြစ်သည်။ 

အဆိုပါ ပြင်ဆင်ချက်မူကြမ်းကို ပြည်သူ့ကွန်ဂရက်လွှတ်တော်ရှိ အမြဲတမ်းကော်မတီက ကနဦး စိစစ်လျက်ရှိပြီး အများပြည်သူ၏ သဘောထားမှတ်ချက်ကိုရယူရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

မူလတန်းကျောင်းသားများကို အတိုင်းအတာတခုအထိ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိပညာများ သင်ကြားပေးရမည်ဖြစ်ကြောင်း အဆိုပါဥပဒေကြမ်းတွင် ဖော်ပြထားသည်။ အလယ်တန်းကျောင်းသားများသည် အခြေခံ ဗဟုသုတများနှင့် စစ်ရေးစွမ်းရည်များကို သင်ယူရမည်ဖြစ်ပြီး အထက်တန်းကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများသည် စစ်သင်တန်းကို မဖြစ်မနေ တက်ရောက်ရမည်ဖြစ်သည်။ အဆိုပါ ပညာပေးမှုနှင့် လေ့ကျင့်သင်ကြားမှုများကို တရုတ်အစိုးရနှင့် စစ်တပ်တို့က  ဦးဆောင်သွားမည် ဖြစ်သည်။ 

ဒေသခံအစိုးရများအနေဖြင့် ကာကွယ်ရေးဆိုင်ရာ ပညာပေးသင်ကြားမှုများအတွက် ကုန်ကျစရိတ်ကို ၎င်းတို့၏ ဘက်ဂျက်တွင် ထည့်သွင်းရေးဆွဲရမည်ဖြစ်သည်။ ဥပဒေချိုးဖောက်မှုများကို အစိုးရဌာနများ၊ တက္ကသိုလ်များနှင့် အခြားအဖွဲ့အစည်းများက တာဝန်ယူရမည်ဖြစ်သည်။ 

စစ်ဖြစ်လာနိုင်ကြောင်းနှင့် အရေးပေါ်အခြေအနေတွင် ရွှေ့ပြောင်းရလွယ်ကူစေရေး ပြည်သူများကို ပညာပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံရှိ နိုင်ငံတော်ကာကွယ်ရေးလေ့လာမှုတက္ကသိုလ်မှ တရုတ်နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ ကျွမ်းကျင်သူ မာဆာဖုမီ အီအီဒါက ပြောကြားခဲ့သည်။ 

ဥပဒေပြင်ဆင်ချက်များကို နှစ်လတကြိမ်ပြုလုပ်လေ့ရှိသည့် အမြဲတမ်းကော်မတီတွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ပြီး ယခုနှစ်အတွင်း အမြန်ဆုံး အတည်ပြု ပြဋ္ဌာန်းသွားနိုင်သည်။ 

တရုတ်နိုင်ငံ၊ ဖုကျင့်ပြည်နယ်ရှိ ဖူကျိုးတက္ကသိုလ်တွင် စစ်ရေးစွမ်းရည် ပြိုင်ပွဲများကို ဇူလိုင်လတွင် လက်ခံကျင်းပခဲ့သည်။ ပြည်နယ်တဝန်းမှ တက္ကသိုလ်ကျောင်းသား ၅၀၀ ခန့်သည် သေနတ်ပစ်ပြိုင်ပွဲ၊ လက်ပစ်ဗုံးပစ်ပြိုင်ပွဲနှင့် ရှေးဦးသူနာပြုပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ 

ကွမ်ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တက္ကသိုလ်တခုတွင် တင့်ကားများ၊ လူတင်သံချပ်ကာယာဉ်များပါဝင်သည့် စစ်ရေးလေ့ကျင့်မှုတရပ် ပြုလုပ်ခဲ့ကြောင်း CCTV သတင်းတွင် ဖော်ပြထားသည်။ 

တရုတ်အစိုးရသည် နိုင်ငံတဝှမ်းရှိ ဆေးတက္ကသိုလ်များမှ ပညာရှင်များကို ဆွဲဆောင်စည်းရုံးနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။ တရုတ်သမ္မတရှီကျင့်ဖျင်သည် မတ်လအတွင်း ချုံကင်းစစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်သို့ သွားရောက်စဉ် ကျောင်းသားများနှင့်ဝန်ထမ်းများအား စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ရန်နှင့် ကမ္ဘာ့အဆင့် စစ်ဘက်ဆေးပညာကျောင်းတခု ထူထောင်ရန် တိုက်တွန်းခဲ့သည်။ 

နိုင်ငံတော်ကာကွယ်ရေးပညာပေးမှုများကို မြှင့်တင်ရသည့် အခြားရည်ရွယ်ချက်မှာ နည်းပညာကျွမ်းကျင်သူများကို စုဆောင်းရန်ဖြစ်သည်။ တရုတ်သည် ၎င်း၏ စစ်တပ်ကို ခေတ်မီအောင် ဆောင်ရွက်နေသောကြောင့် ဉာဏ်ရည်တု၊ စက်ရုပ်နှင့် အာကာသပညာရပ် နယ်ပယ်များရှိ ကျွမ်းကျင်သူများကို အသည်းအသန် လိုအပ်နေသည်။ 

စစ်မှုထမ်းရန် လျှောက်ထားသည့် တက္ကသိုလ်ကျောင်းသား အရေအတွက်သည် ၂၀၂၀ ခုနှစ်တွင် ၁ ဒသမ ၂ သန်းအထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ခုနစ်နှစ်အတွင်း ခြောက်ဆခန့်မြင့်တက်လာခဲ့ကြောင်း တရုတ်စစ်တပ်၏ နေ့စဉ်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။