ထီးချိုင့်တွင် ဝဂ္ဂနာ ကြေးစားတပ်၌​ တာဝန်ထမ်းဆောင်ဖူးသည့် ဗိုလ်မှူးဖမ်းဆီးရရှိသည့် သတင်းမှား

JC

(မဇ္ဈိမ)။ ။ ရုရှားနိုင်ငံအခြေစိုက် ဝဂ္ဂနာ ကြေးစားတပ်ဖွဲ့မှာ တပ်သားအဆင့် တာဝန်ထမ်းဆောင်ဖူးတဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးတယောက်ကို စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်း ပျံ့နှံ့ နေပါတယ်။

ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး ဆိုတဲ့ ပေ့ချ်ကနေ မေလ ၇ ရက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ ထီးချိုင့်ကနေ အလယ်တောကျေးရွာဘက်ကို ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မွန်းလွဲ ၁နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရုရှားနိုင်ငံအခြေစိုက် ဝဂ္ဂနာ ကြေးစားတပ်ဖွဲ့တံဆိပ်တပ်ထားတဲ့ တပ်သားတွေကို ဖမ်းဆီးရရှိခဲ့ကြောင်းနဲ့ အဲ့ဒီအထဲက တပ်သားတယောက်ဟာ စစ်ကောင်စီတပ်မှာ အထူးတပ်ဖွဲ့ Spider Squad အဖွဲ့ခေါင်းဆောင်နဲ့ ဝဂ္ဂနာ ကြေးစားတပ်မှာ တပ်သားအဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးအဆင့်ရှိသူဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီအကြောင်းကို သတင်းဌာနတချို့မှာလည်း ပြန်လည်ဖော်ပြထားကြပြီး ဖေ့စ်ဘုတ်သုံးစွဲသူတွေကြားမှာလည်း ပျံ့နှံ့နေသလို တခြားလူမှုကွန်ရက်တွေမှာလည်း ပျံ့နေပါတယ်။

မဇ္ဈိမ က အချက်အလက် စစ်ဆေးတဲ့အခါမှာတော့ ဒီကိစ္စရပ်ဟာ မြေပြင်မှာ အမှန်တကယ်ဖြစ်ပွားခဲ့တာမရှိတဲ့ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
မေလ ၇ ရက်နေ့က ထီးချိုင့်မြို့နယ်၊ အလယ်တောကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိသလို ဖမ်းဆီးရရှိတဲ့သူလည်းမရှိဘူးလို့ မြေပြင်အခြေအနေကို သိရှိတဲ့ ကသာမြို့နယ် ပအဖ က တာဝန်ရှိသူတယောက်က မဇ္ဈိမကို ပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက သတင်းတွေကို အဓိကထားဖော်ပြနေတဲ့ Mandalay Free Press-MFP သတင်းဌာနကနေလည်း မေလ ၇ ရက်နေ့က ထီးချိုင့်မြို့နယ် အလယ်တောရွာအနီး တိုက်ပွဲဖြစ်ပွားတာ မရှိသလို စစ်ကောင်စီတပ်တွေကို ဖမ်းမိတဲ့ ဖြစ်စဉ်လည်း မရှိကြောင်းနဲ့ ရုရှားနိုင်ငံအခြေစိုက် ဝဂ္ဂနာ ကြေးစားတပ်ဖွဲ့ (Wagner Mercenary Group) တံဆိပ် တပ်ထားတဲ့ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ယောက် ဖမ်းမိတယ်ဆိုတာ မဟုတ်မှန်ဘဲ သတင်းအမှား ဖြစ်တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေအဖွဲ့ – ပကဖ တာဝန်ရှိသူတစ်ဦးကပြောကြောင်း သတင်းဖော်ပြထားပါတယ်။
လင့် – t.ly/Yguwh

People’s Spring သတင်းဌာနကနေလည်း ထီးချိုင့်တိုက်ပွဲမှာ ရုရှားဝဂ္ဂနာ ကြေးစာတပ်ဖွဲ့ဝင်ဖမ်းဆီးရမိတာက သတင်းမှားဖြစ်ပြီး “ထီးချိုင်-ပြည်သူ့ကာကွယ်ရေး” ပေ့ချ်က ပေ့ချ်အတုဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။
လင့် https://t.me/PeopleSpring/42096

ဒါ့အပြင် “ဝက်ဂနာ ကြေးစားတပ်မှာ ပါဝင်ခဲ့ဘူးတဲ့ စစ်ကောင်စီဗိုလ်မှူးတစ်ဦး ဖမ်းမိထားတယ်လို့ ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်” လို့ သတင်းဖော်ပြခဲ့တဲ့ Burma VJ သတင်းဌာနကနေလည်း “ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး” ဆိုတဲ့ ပေ့ချက ဝဂ္ဂနာကြေးစားတပ်ဖွဲ့အကြောင်းအရာဟာ မှန်ကန်မှုမရှိသလို အဲ့ဒီပေ့ချ်ဟာ ထီးချိုင့် PDF နဲ့ ထီးချိုင့် ပကဖ ပေ့ချ်မဟုတ်ဘဲ မြေပြင်အခြေအနေမှာလည်း ဒီလိုဖြစ်စဉ်မျိုးမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောကြောင်း အမှားပြင်ဆင်ချက်အနေနဲ့ ပြန်လည်ရှင်းလင်းထားပါတယ်။
လင့် – t.ly/ovSfn

ဒါကြောင့် လူမှုကွန်ရက်မှာ ပျံ့နှံ့ နေတဲ့ ရုရှားနိုင်ငံအခြေစိုက် ဝဂ္ဂနာ ကြေးစားတပ်ဖွဲ့မှာ တပ်သားအဆင့် တာဝန်ထမ်းဆောင်ဖူးတဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးတယောက်ကို စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်း ဟာ သတင်းမှားဖြစ်သလို အဲ့ဒီသတင်းကို စတင်ဖော်ပြခဲ့တဲ့ ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး ဆိုတဲ့ ပေ့ချ်ကလည်း ပေ့ချ်အတုပဲဖြစ်ပါတယ်ရှင်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။