‘ခိုးယူခံရတဲ့’ မာရာဒိုနာရဲ့ ရွှေဘောလုံးကို လေလံတင်ရောင်းချမည်

By PKThawn

“ခိုးယူခံရတဲ့” ဒီယေဂို မာရာဒိုနာရဲ့ရွှေဘောလုံးဆုကို ပြန်တွေ့ရှိခဲ့ပြီး ဇွန်လ ၆ ရက်နေ့ ပြင်သစ်မှာ လေလံတင်ရောင်းချမှာဖြစ်ပါတယ်။ သူဟာ ၁၉၈၆ ကမ္ဘာ့ဖလားမှာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရတဲ့အတွက် ဒီဆု ချီးမြှင့်ခံခဲ့ရတာပါ။

အဆိုပါပစ္စည်းဟာ တဖန်ပြန်ပေါ်လာပြီး ၎င်းကို “သန်းပေါင်းများစွာ”ဖြင့် ရောင်းချဖို့ မျှော်လင့်ထားကြောင်း Aguttes လေလံကုမ္ပဏီက အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

၂၀၂၀ မှာ ကွယ်လွန်ခဲ့တဲ့ မာရာဒိုနာဟာ အာဂျင်တီးနားအသင်းကို မက္ကဆီကို ကမ္ဘာ့ဖလားမှာ အောင်ပွဲရယူပေးခဲ့တာကြာင့် ဆုရရှိခဲ့တာပါ။

“ရွှေလုပ်ဖို့အတွက် မာဖီးယားတွေက ဒီဆုကို ခိုးယူခဲ့သလိုမျိုး ဇာတ်လမ်းတွေနဲ့ ဒဏ္ဍာရီတွေ အများကြီးရှိပါတယ်”လို့ Aguttes လေလံပွဲမှ အားကစားဆိုင်ရာကျွမ်းကျင်သူ ဖရန်ဆွာ သီယာရီက BBC Sport ကို ပြောကြားခဲ့ပါတယ်။ “ကျနော်တို့က လိုအပ်တဲ့ စစ်ဆေးမှုတွေအားလုံး လုပ်ဆောင်ခဲ့ပြီး ဒီအကြောင်းကို ရဲစခန်းထံ အကြောင်းကြားခဲ့ပါတယ်။

“ဒီရွှေဘောလုံးက ကျနော်တို့ဆီမှာ တနှစ်လောက်ရှိနေပါပြီ။ ဒါကို အစစ်လို့ မပြောနိုင်ခင် သွင်းထုသူရဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေ အများကြီးရှိတယ်။ အဲဒီနောက်ပိုင်း ကျနော်တို့တွေ ဒီအကြောင်းကို သုတေသနတွေ အများကြီးလုပ်ခဲ့ရပါတယ်။”

ရွှေဘောလုံးကို အမည်မသိရောင်းချသူက ၂၀၁၆ က ပြင်သစ်လေလံပွဲမှာ ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဝယ်ခဲ့တဲ့ ပစ္စည်းကို သတိမထားခဲ့ပါဘူး။

“သူက တခြားအရာတွေ အများကြီးနဲ့ရောပြီး ဝယ်ခဲ့တာပါ၊ အစတုန်းကတော့ အဲဒါက အရေးကြီးတဲ့ အရာမှန်း မသိခဲ့ဘူး”လို့ သီယာရီက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“ဒီအဖြစ်မှာ သူဝယ်ယူခဲ့တဲ့ဆုဖလားတွေ အများကြီးရှိပါတယ်။ သူ အင်တာနက်မှာ ရှာကြည့်တော့ ရွှေဘောလုံး ဖြစ်နေနိုင်တာကို တွေ့ခဲ့တယ်။

“သူဟာ မာရာဒိုနာနဲ့ ဖီဖာကို ဖုန်းဆက်ဖို့ ကြိုးစားခဲ့ပေမယ့် ကံမကောင်းခဲ့ပါဘူး။”

အင်္ဂလန်နဲ့ ကွာတားဖိုင်နယ်မှာ မာရာဒိုနာရဲ့ သွင်းဂိုးနှစ်ဂိုးအတွက် အငြင်းပွားဖွယ်ရာ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အကောင်းဆုံးအမှတ်ရစရာလို့ ဆိုနိုင်ပါတယ်။

သူ့ရဲ့ ပထမဆုံးဂိုးက အင်္ဂလန်ဂိုးသမား ပီတာရှီလ်တန်ကို ကျော်ဖြတ်ရင်း လက်နဲ့ပုတ်သွင်းပြီး ကျော်ကြားတဲ့ “ဘုရားပေးတဲ့ လက် (Hand of God)” ဂိုးဖြစ်ခဲ့ပါတယ်။ နောက်တဂိုးကိုတော့ “ရာစုနှစ်ရဲ့ အကောင်းဆုံး ဂိုး”လို့ သတ်မှတ်ခံခဲ့ရပြီး ပြောင်မြောက်တဲ့ တကိုယ်တော် အားထုတ်မှုကနေ သွင်းခဲ့တဲ့ ဂိုးတဂိုးဖြစ်ပါတယ်။

အဲဒီနေ့က သူဝတ်ခဲ့တဲ့ ဂျာစီ နှစ်ထည်စလုံးကို ပွဲစဉ်ရဲ့ ဘောလုံးတွေနဲ့အတူ အရင်က လေလံပွဲမှာ သန်းနဲ့ချီပြီး ရောင်းချခဲ့ဖူးပါတယ်။
“ဆုဖလားက သူ့ကစားသမားဘဝရဲ့ အထွတ်အထိပ်ကို ကိုယ်စားပြုပါတယ်။ ပြီးတော့ သူက ရာစုနှစ်ရဲ့ ကစားသမားတဦးဖြစ်တယ်”လို့ သီယာရီက ပြောပါတယ်။

“၁၉၈၆ မှာ အင်္ဂလန်နဲ့ ကစားတုန်းက ဝတ်ခဲ့တဲ့ သူ့ရဲ့ဂျာစီကို ပေါင် ၉ သန်းနဲ့ ရောင်းလိုက်တယ်လို့ ကျနော် ထင်တယ်၊ ဘောလုံးက ပေါင် ၂ သန်းလောက်ရသွားတယ်။ ဒီလေလံပွဲမတိုင်ခင် ရလဒ်တချို့ မြင်တွေ့ပြီးပြီဆိုတော့ ကျနော်တို့ သန်းနဲ့ချီပြီး မျှော်လင့်ပါတယ်။”

(BBC)