တောပုရွာက ပျူစောထီးဟုဆိုသူ အမျိုးသမီး ၃ဦး ကို PDF ဖမ်းဆီး

Area 71 PDF Monywa တပ်ဖွဲ့ဝင်များ/ဓါတ်ပုံ – Area 71 PDF Monywa

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊မုံရွာမြို့နယ် ၊ တောပုကျေးရွာမှ ပျူစောထီး ဟု ဆိုသော အမျိုးသမီးသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း Area 71 PDF Monywa က ယနေ့(မေလ ၉ရက်)တွင်ထုတ်ပြန်သည်။

တောပုကျေးရွာမှ ပျူစောထီးအမျိုးသမီးခေါင်းဆောင် မခိုင်ခင်ဦး ၊ စွမ်းရည်ထက်ဆီ ဆိုင်ဂိတ်တွင် စစ်ကောင်စီတပ်နှင့် အတူတာဝန်ထမ်းဆောင်သော ချစ်ရဲနိုင်၏ ဇနီး မမိသီး နှင့် တောပုရွာမှ လက်နက်ကိုင်ပျူစောထီး ဌေးညွှန့်၏ဇနီး မအေးမြတ်မွန် တို့ကို မေလ ၄ရက်နေ့တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“သူတို့ ဘယ်နေ့ဘယ်ရက် ဘယ်နှစ်နာရီမှာ ဘယ်လမ်းကြောင်းကနေ ပြန်မယ်ဆိုတာ ကြိုပြီးသိထားရတဲ့အတွက် အချိန်ယူကြိုတင်ပြီး စောင့်ဖမ်းခဲ့တာပါ” ဟု Area 71 PDF Monywa တာဝန်ရှိသူတဦး က မဇ္စျိမကိုပြောသည်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကုတင် ၃၀၀ ဆံ့ဆေးရုံ မှ ဆေးကုသမှု အပြန်လမ်း မုံရွာမြို့နှင့် တောပုရွာလမ်းကြားတစ်နေရာတွင် Area 71 PDF Monywa နှင့် မုံရွာတိုက်နယ် (၁) ပြည်သူ့လုံခြုံရေး (ပလဖ)တို့မှ စောင့်ဖမ်းခဲ့ ခြင်းဖြစ်သည်။

အမျိုးသမီးပျူခေါင်းဆောင် မခိုင်ခင်ဦးသည် ထနောင်းတောနှင့် ကြာပိုင်ရွာ အိမ်ခြေ ၁၀၀ကျော်မီးရှို့မှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်ပြီး ထော်လာဂျီနှင့် ထွန်စက်များ သိမ်းယူခဲ့မှုတွင်ပါဝင်ခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်သောရုပ်သံတွင် ဝန်ခံထားသည်။

သရက်ကုန်းတောင်ရွာသူဖြစ်သည့် မအေးမြတ်မွန်သည် တောပုရွာမှ ပျူစောထီး ဌေးညွှန့်နှင့် အိမ်ထောင်ကျနေထိုင်ပြီး ကြာပိုင်ရွာနှင့် ရွှေမုံရွေးရွာ စစ်ကောင်စီတပ်မှ မီးရှို့စဥ် ဒေသခံများ၏ ပစ္စည်းများသယ်ယူခဲ့ကြောင်းဝန်ခံထားသည်။

ချစ်ရဲနိုင်၏ဇနီး မမိသီးကလည်း”သူက စစ်ကြောင်းတွေသွားရင်လိုက်ရတယ် ၊ ဒါပေမဲ့ ဘယ်နေရာသွားမယ်ဆိုတာမပြောဘူး၊လုံခြုံရေးစည်းပေါက်မှာစိုးလို့” ဟု ကာကွယ်ရေးတပ်ဖွဲ့ထံထွက်ဆိုထားသည်။

၎င်း၏ အမျိုးသားသည် ညောင်ဖြူပင်ရွာရဲစခန်းတွင် တာဝန်ကျခဲ့ပြီး ယခု စွမ်းရည် ထက်ဆီဆိုင်ဂိတ်တွင် စစ်ကောင်စီတပ်သားများနှင့် အတူစစ်ဆေးရေးတာဝန်ထမ်းဆောင်နေကြောင်း သိရသည်။

အဆိုပါဖမ်းဆီးခံရသည့် အမျိုးသမီးသုံးဦးနှင့်ပတ်သက်ပြီး ၎င်းတို့ကျူးလွန်မှုများနှင့် ပျူစောထီးအဖွဲ့ဝင်ဖြစ်ကြောင်းကို မဇ္စျိမ အနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဖမ်းဆီးရမိသူများကို စစ်ဆေးမေးမြန်းနေပြီး NUG မြို့နယ်တာဝန်ရှိသူများထံ အပ်နှံသွားမည်ဖြစ်ကြောင်း Area 71 PDF Monywa တာဝန်ရှိသူက ပြောသည်။

နမခ ၏ စခန်းထောက်နေရာအဖြစ်သော တောပုရွာတွင် စစ်ကောင်စီတပ်သားများ အခြေချတပ်စွဲထားပြီး ဒေသခံများကို ပျူစောထီးအဖြစ်စစ်သင်တန်းပေး လက်နက်တပ်ဆင်ကာ အနီးနားကျေးရွာများအား စစ်ကြောင်းထိုးရာတွင်လိုက်ပါစေခြင်း ၊ မုံရွာ – မန္တလေးကားလမ်းမပေါ်တွင် စစ်ဆေးရေးဂိတ်များတွင် တာဝန်ယူစေမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)