ပဲခူးတိုင်းအနောက်ခြမ်းက လူငယ် ၃ ဦး PDF ဟု စွပ်စွဲ သတ်ဖြတ်ခံရ

ရွှေနွယ်

မဇ္ဈိမ။ ။ပဲခူးတိုင်းအနောက်ခြမ်းတွင် အနက်ရောင်သေမင်းတမန်အဖွဲ့မှ ဒေသနေ လူငယ် သုံးဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟု စွပ်စွဲကာ သတ်ဖြတ်ပြီးနောက် မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရပ်ရွာအတွင်း အလောင်းများ လာရောက်စွန့်ပစ်ခဲ့ကြောင်း သတင်းရရှိသည်။

ပေါင်းတည်မြို့နယ် နွားခြံကုန်းကျေးရွာအုပ်စု၊ ကုန်းသာရွာအတွင်း မေလ ၆ ရက်နေ့ နံနက်ပိုင်းက အလောင်း သုံးလောင်းကို လာရောက်စွန့်ပစ်သွားပြီး၊ အလောင်းများ၏ လည်ပင်းတွင် ကြိုးဖြင့် “အနက်ရောင်သေမင်းတမန်” တံဆိပ်နှင့်စာသားပါ စာရွက်တခုစီကို ချိတ်ဆွဲထားကြောင်း သိရသည်။

အောင်မျိုးလင်း၊ ကျော်ဖြိုးလင်း ၊ ကောင်းထက်ကျော်(ခ)ကောင်းကောင်းတို့သည် PDFများဖြစ်၍ အနက်ရောင်သေမင်းတမန်အဖွဲ့က သတ်ဖြတ်လိုက်ခြင်းဟု စစ်ကောင်စီအား ထောက်ခံရေးသားလျက်ရှိသည့် တယ်လီဂရမ်ချန်နယ်များ၌ ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။

သို့သော် သေဆုံးသူ လူငယ် သုံးဦးသည် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၆၀၁) မှ တပ်ဖွဲ့ဝင်များမဟုတ်ကြောင်းကို ၎င်း PDF တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံမှ ပြောသည်။ သေဆုံးသူ သုံးဦးအနက် တဦးမှာ မင်းလှမြို့နယ် လှည်းကူးအုပ်စု၊ ရှားကုန်းကျေးရွာမှ အသက် ၁၉ နှစ်အရွယ် မောင်အောင်မျိုးလင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ လက်ပံတန်းမြို့နယ်မှ ဖြစ်ကြောင်း ပြောသည်။ ထို့ပြင် ၎င်းတို့သည် လွန်ခဲ့သည့် တလခန့်က လက်ပံတန်းမြို့ပေါ်သို့ အလှူသွားစဉ် ကွမ်းခြံကုန်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဟု သတင်းစုံစမ်းရရှိထားကြောင်း PDF တပ်ရင်းပြန်ကြားရေးတာဝန်ခံမှ ပြောသည်။

“အရပ်သားတွေဖြစ်ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတဲ့အကြောင်းအရင်းကို မသိရသေးပါဘူး။ အနက်ရောင်သေမင်းတမန်အဖွဲ့က ပျူစောထီးတပ်ဖွဲ့ဝင်တွေဖြစ်ဖို့များတယ်၊ သေချာတော့သိအောင်စုံစမ်းတုန်း” ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၆၀၁) မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မင်းလှမြို့နယ်မှ ဒေသနေ ရွာသားတဦးကမူ ၎င်းအနေဖြင့် သေဆုံးသူ မောင်အောင်မျိုးလင်းနှင့် နီးစပ်သူထံမှ ၎င်းဖမ်းဆီးခံခဲ့ရသည့်အကြောင်းကိုကြားသိရပြီး ဖမ်းဆီးခံရပြီးနောက် အုတ်ဖိုမြို့ရှိ စစ်ကြောရေးသို့ ရောက်ရှိသွားသည်ကိုလည်း ကြားသိခဲ့ရကြောင်းပြောသည်။

“ သူ့အိမ်က သူဖမ်းသွားခံရပြီးတဲ့နောက် စုံစမ်းတော့ အုတ်ဖိုစစ်ကြောရေးလို့ကြားထားပြီး စစ်ကြောရေးဆိုတော့ စိတ်ပူနေကြတုန်းရှိသေးတယ်။ အခုက အလောင်းပဲ ပြန်ရောက်လာတာ။ အဲ့နေ့က ဖမ်းခံရတော့ ငါးဦးခြောက်ဦးလောက်ပါသွားတယ်တော့ကြားတယ်။ ဘယ်သူဘယ်ဝါတွေအတိကျတော့မသိဘူးဗျ။ နောက်ပြီး အခုက အဲ့လိုပဲ ဖမ်းပြီး စစ်ကြောရေးခေါ်သွားနေတာမျိုးဖြစ်ဖြစ်နေတယ်။ ပြီးရင် မိသားစုနဲ့အဆက်အသွယ်ပြတ်ကုန်တာ” ဟု မင်းလှမြို့မှ ဒေသနေရွာသားတဦးက ပြောသည်။

ထိုကဲ့သို့ အနက်ရောင်သေမင်းတမန်အဖွဲ့တံဆိပ် ချိတ်ဆွဲကာ အလောင်းလာရောက်စွန့်ပစ်ထားသည့်ဖြစ်စဉ်မှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင်လည်း လက်ပံတန်းမြို့နယ်၊ အုတ်ဖိုစု ကျေးရွာအနီး ဒေသခံမဟုတ်သော အမည်မသိအမျိုးသားတဦး၏ အလောင်းကို လာရောက်စွန့်ပစ်ထားခဲ့သေးသည်။ ထိုစဉ်က သေဆုံးသူကို PDF တပ်ရင်း(၃၈၀၂) တပ်ခွဲ (၄) မှ ဗိုက်ကြီးဆိုသူဖြစ်ကြောင်း စွပ်စွဲသည့် ထုတ်ပြန်စာကို အနက်ရောင်သေမင်းတမန်အဖွဲ့မှ ထုတ်ပြန်ခဲ့သေးသည်။ သို့သော်သေဆုံးသူသည် ၎င်းတို့တပ်ဖွဲ့မှ မဟုတ်ကြောင်းကို PDF တပ်ရင်း(၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲမှူးက ပြောသည်။ ထို့ပြင် ဗိုက်ကြီးဆိုသည့်အမည်ဖြင့် တပ်ဖွဲ့ဝင်လည်း ၎င်းတို့တပ်ခွဲတွင် မရှိကြောင်းဆိုသည်။

အနက်ရောင်သေမင်းတမန်အဖွဲ့၏ ရည်ရွယ်ချက်မှာ “ဒလန်” ဟု စွပ်စွဲကာ သတ်ဖြတ်နေသော PDF များကို ချေမှုန်းရန်ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရသိရသည်။ အဆိုပါ အဖွဲ့အစည်းမှာ မည်သူမည်ဝါများဖြစ်ကြောင်းကို မဇ္ဈိမအနေဖြင့်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

စာတည်း – သန့်ဇော်(သန်လျင်)