မြဝတီမြို့ စစ်ကောင်စီလေကြောင်းရန် KNU သတိပေး

ပုံအညွှန်း- ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ အမှတ် (၂) တံတား၌ စုဝေးနေပုံ (ဓါတ်ပုံ- KNU)

ပုံအညွှန်း- ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ အမှတ် (၂) တံတား၌ စုဝေးနေပုံ (ဓါတ်ပုံ- KNU)

YT

(မဇ္ဈိမ)။ ။မြဝတီမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် မြို့ခံပြည်သူများ စစ်ရေးသတိဖြင့်ဘေးကင်းလုံခြုံရာနေရာများတွင် နေထိုင်ကြရန် KNU က သတိပေးချက်ထုတ်ပြန်သည်။

မြဝတီမြို့စောင့်တပ် ခလရ−၂၇၅ တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက ယ‌နေ့ဧပြီလ (၁၁) ရက်နေ့ တွင် တိုက်ခိုက်သိမ်းယူပြီးနောက် လေကြောင်းရန်လုံခြုံရေးသတိပေးချက်ကို KNU က ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

“မြဝတီမြို့ရှိ တပ်စခန်းများအားလုံးလက်လွှတ်ဆုံးရှုံးလိုက်ရသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များအနေဖြင့် အရပ်သားပြည်သူလူထုများနေထိုင်ရာနေရာဒေသများအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် ပြည်သူလူထုများအနေဖြင့် သတိဖြင့် ဘေးကင်းလုံခြုံရာနေရာများတွင် နေထိုင်ကြရန်အသိပေးအပ်ပါသည်” ဟု KNU က ထုတ်ပြန်ထားသည်။

ထို့အပြင်ခလရ (၂၇၅) မှ ထွက်ပြေးသွားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်း- မြန်မာချစ်ကြည်ရေးတံတားအမှတ် (၂) တွင် ပုန်းရှောင်နေပြီး ပြည်သူလူထုကို ပစ်မှတ်ထား၍ ရမ်းသန်းပစ်ခတ်မှုများပြုလုပ်နိုင်သဖြင့် ထိုနေရာတဝိုက်သို့ မသွားကြရန်လည်း သတိပေးထားသည်။ ထွက်ပြေးသွားသူများတွင် တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ်စိုးမင်းထက်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ပါဝင်ကြောင်း မဇ္ဈိမ​၏ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ပုံအညွှန်း- ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ အမှတ် (၂) တံတား၌ စုဝေးနေပုံ (ဓါတ်ပုံ- KNU)

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နယ်စပ်မှတဆင့် ထိုင်းနိုင်ငံတွင်း ခိုလှုံခွင့်ရရေး ကြိုးစားနေသည်ဟု ထိုင်း-မြန်မာနယ်စပ်တွင် မြေပြင်ကွင်းဆင်းသတင်းရယူနေသည့်မဇ္ဈိမ၏ သတင်း‌ထောက်ကပြောသည်။

လက်နက်ချစစ်သားများအနက် ရှစ်ဦးသည် ယနေ့နေ့လယ် ၁၀ နာရီ ၅၀မိနစ်တွင် မြဝတီဘက်ခြမ်းတွင် ယူနီဖောင်းလဲကာ အရပ်ဝတ်ဖြင့် ထိုင်း- မြန်မာ အမှတ် (၂)တံတားပေါ်မှတဆင့် မဲဆောက်မြို့ဘက်သို့ ထိုင်းရဲတပ်ဖွဲ့ကခေါ်သွင်းသွားသည်ကို တွေ့ရသည်။မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးပေ။

ပုံအညွှန်း- ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ အမှတ် (၂) တံတား၌ စုဝေးနေပုံ (ဓါတ်ပုံ- KNU)

ခလရ−၂၇၅ တပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၈ရက်နေ့ တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ယ‌နေ့ မနက် ၄နာရီ ၂၀ မိနစ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဟု KNU က သတင်းထုတ်ပြန်ထားသည်။ နံနက် ၈နာရီ ၁၀မိနစ်ခန့်တွင် စစ်ကောင်စီက ခလရ(၂၇၅)အနီးသို့ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မြဝတီမြို့မှ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်သွားမည်ပြီး ဒေသခံပြည်သူများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းမရှ်ိဘဲ ပူးပေါင်းဆောင်ရွက်ရန်လည်း KNU က အသိပေးထားသည်။ မြဝတီမြို့ပေါ်တွင် လူအသွားအလာနည်းပါးနေကြောင်း သိရပြီး မြို့ခံများသည် စစ်ဘေးတိမ်းရှောင်ရန် ယနေ့ နေ့လယ် ၁၂နာရီခန့်အထိ ချစ်ကြည်တံတားအမှတ်(၁)မှတဆင့် ထိုင်းနိုင်ငံ၊မဲဆောက်မြို့သို့ ဝင်ရောက်နေကြဆဲဖြစ်သည်။

စာတည်း – အေးချမ်း