ဂန့်ဂေါစစ်ဘေးရှောင် ၃,၀၀၀ကျော်အတွက် စားနပ်ရိက္ခာအရေးပေါ်အကူအညီလိုအပ်

ပုံအညွှန်း။ ။ ဂန့်ဂေါမြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများပေးနေစဥ်။/ ဓာတ်ပုံ။ ။ဂန့်ဂေါမြို့နယ်(ပအဖ)

ပုံအညွှန်း။ ။ ဂန့်ဂေါမြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများပေးနေစဥ်။/ ဓာတ်ပုံ။ ။ဂန့်ဂေါမြို့နယ်(ပအဖ)

ကိုခင်မောင်

(မဇ္စျိမ) ။ ။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးစစ်ကြောင်းက နေအိမ်များမီးရှို့သဖြင့် ထွက်ပြေးနေရသော ဒေသခံ ၃,၀၀၀ကျော်အတွက် စားနပ်ရိက္ခာများအရေးပေါ် လိုအပ်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ဂန့်ဂေါမြို့နယ်၊ ရေသာရွာနှင့်ရွှေဘိုရွာကို စစ်ကောင်စီနှင့် ပျူစောထီးစစ်ကြောင်းက မေလ ၁၆ရက်နေ့တွင် စစ်ကြောင်းထိုးပြီး ဒေသခံနှစ်ဦးအား သတ်ဖြတ်ကာ အိမ် ၂၈၁လုံးကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံများအိမ်ခြေမဲ့ဖြစ်ခဲ့ခြင်းဟု ဂန့်ဂေါမြို့နယ်ပအဖတာဝန်ရှိသူက ပြောသည်။

၎င်းက“မီးရှို့ခံလိုက်ရတဲ့အထဲမှာ စပါးတွေ၊ ဆန်၊ဆီ၊ပဲတွေပါတယ်။ဆန်၊ဆီ၊ စားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေပါတယ်။မိုးရာသီလည်း စဝင်လာပြီဖြစ်တဲ့အတွက် ယာယီတဲဆောက်ဖို့ မိုးကာ‌တွေလိုအပ်လာတယ်” ဟုပြောသည်။

ရွှေဘိုရွာနှင့်ရေသာရွာမှ ဒေသခံများသည် ယခုအခါ နီးစပ်ရာ‌ကျေးရွာများရှိ ဘုန်းကြီးကျောင်း၊ရိပ်သာများနှင့်ဆွေမျိုးများအိမ်၌ ခိုလှုံနေကြရကြောင်း သိရသည်။

“တချို့တွေဆိုရင် ပတ်ဝန်းကျင်ရွာတွေမှာလည်း ဆွေမျိုးမရှိ၊ အသိမရှိ၊ နေစရာလည်းမရှိ။ အိမ်ကလည်း မီးလောင်ပြီဆိုတော့ လှည်းလေးတွေ၊ နွားလေးတွေနဲ့ မောင်းလာပြီးတော့ထွက်လာကြတာ။အကုန်မီးလောင်တဲ့အထဲပါသွားတဲ့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေဘာမှမရှိတော့ဘူး။ ဒါတွေလှူပေးနိုင် ကူညီပေးနိုင်သူများရှိကြရင်လည်း ကူညီ‌ပေးကြဖို့တောင်းဆိုချင်တယ်” ဟု ဂန့်ဂေါမြို့နယ်ပအဖတာဝန်ရှိသူက ဆက်ပြောသည်။

တစုတစည်းတည်းစစ်ရှောင်‌‌နေကြသူများအတွက် အရေးပေါ်ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိပြီး ပြန့်ကြဲနေသောစစ်ရှောင်များအား စုစည်းနိုင်ရေး၊ကူညီထောက်ပံ့နိုင်ရေး၊ ယာယီတဲများဆောက်လုပ်‌ပေးနိုင်ရေးအတွက် ရွှေဘိုရွာ၊ ရေသာရွာရပ်ကျေးပအဖအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဂန့်ဂေါမြို့နယ်ပအဖက မေလ ၂၁ရက်တွင် ထုတ်ပြန်သည်။

ရေသာရွာနှင့်ရွှေဘိုရွာကို ဝင်ရောက်ခဲ့သည့်စစ်ကြောင်းမှာ ပျူစောထီးအားကောင်းသော မြောက်ခင်ရန်းရွာမှ ထွက်ခွာလာခြင်းဟု ဒေသခံများက ပြောသည်။ စစ်ကြောင်းဝင်လာသည့် မေလ ၁၆ရက်က ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။ ရေသာရွာနှင့်ရွှေဘိုရွာသည် မြောက်ခင်ရန်းရွာနှင့် တမိုင်ခန့်သာကွာဝေးသောကြောင့် နေရပ်ပြန်နိုင်ရန် အလှမ်းဝေးနေဆဲဟု သိရသည်။

ဂန့်ဂေါမြို့နယ်၌ စစ်ရေးတင်းမာနေစဉ် ၎င်းတို့ထိန်းချုပ်ရာဒေသ၌ မည်သူမဆို ကောင်းမွန်စွာ စစ်ဆေးမှုခံယူရန်၊ည ၈နာရီမှ မနက် ၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန်၊မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို တပ်စခန်းချနေထိုင်ခြင်းမပြုရန်၊မည်သည့်လူပုဂ္ဂိုလ်မဆိုခွင့်ပြုချက်မရှိဘဲ တည်းခိုနေထိုင်ခြင်းမပြုရန်နှင့် ခွင့်ပြုချက်မရှိဘဲ စုဝေးပွဲများမပြုလုပ်ရန် ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းက မေလ ၁၇ရက်တွင် ထုတ်ပြန်ထားသည်။

စာတည်း-အေးချမ်း