ရုပ်သံဖိုင် တခုတည်းဖြင့် PDF နှင့် AA တို့ ပြည်သူပိုင်နွားကို သတ်ဖြတ်ကြောင်း သတင်းတုဖြန့်

JC

(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး နဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက တိရိစ္ဆာန်အပေါ် ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူမျိုး လုပ်ဆောင်ခဲ့တယ်လို့ တူညီတဲ့ ရုပ်သံဖိုင်ကို သုံးထားတဲ့ သတင်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

စစ်ကောင်စီတပ်ကို ထောက်ခံကြောင်း ရေးသားဖြန့်ဝေလေ့ရှိတဲ့ “Snow Queen” ဆိုတဲ့ တယ်လီဂရမ် ချန်နယ်ကနေ “ပြည်သူတွေကို ဒုက္ခမျိုးစုံ ပေးနေတဲ့အပြင် တိရိစ္ဆာန်တွေကိုပါ ဒုက္ခပေး နေတဲ့ အကြမ်းဖက် AA” (မူရင်းအရေးအသားအတိုင်း)ဆိုပြီး ရုပ်သံဖိုင်တခုနဲ့အတူ မေလ ၁၆ ရက်နေ့မှာ ဖြန့်ဝေထားပါတယ်။

ဒီရုပ်သံဖိုင်ကိုပဲ အသုံးပြုပြီး “Kyaw Swar” ချန်နယ်ကတော့ “ပြည်သူပိုင်ခိုင်းနွားကြီးကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး အသား အတွက် ခိုးယူစားသုံးနေ သော ဒီမိုကရေစီ အမည်ခံ Nug ပဒက် များ” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ဖော်ပြပါတယ်။

ရုပ်သံဖိုင်ထဲမှာတော့ အဖြူရောင် နွားတကောင်ကို သေနတ်ကိုင်ထားတဲ့ အရပ်ဝတ်လူတယောက်က နွားဦးခေါင်းကို သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ခဲ့ပါတယ်။ ဒီအကြောင်းဟာ တယ်လီဂရမ် ချန်နယ်နဲ့ ဂရုတွေ အပြင် ဖေ့ဘုတ်မှာလည်း ပျံ့နှံ့နေပါတယ်။

တကယ်တော့ ဒီရုပ်သံဖိုင်ဟာ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သက်ဆိုင်မှုမရှိသလို အာရက္ခတပ်တော် (AA) နဲ့လည်း သက်ဆိုင်မှုမရှိပါဘူး။ ဒီလို နွားကို သေနတ်နဲ့ ရက်စက်စွာ ပစ်ခတ်နေတဲ့ ရုပ်သံဟာ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်က ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ဒီရုပ်သံအကြောင်းကို Free Press Journal ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ လင့် – t.ly/HaMye

ဒီရုပ်သံဟာ ရက်စက်လွန်းတာကြောင့် အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနရုံး နဲ့ တိရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်သူများ-အိန္ဒိယ (PETA-India) ကို ဖော်ပြရည်ညွှန်း (mention) ပြုလုပ်ပြီး တိုင်ကြားထားတဲ့ စာတွေကို X လူမှုကွန်ရက်မှာ ရေးသားထားကြတာကိုလည်း တွေ့ရပါတယ်။ လင့် – t.ly/3t2gt , t.ly/Qkhp9

တိရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်သူများ-အိန္ဒိယ (People for the Ethical Treatment of Animals-India) ကလည်း ဒီရုပ်သံနဲ့ပတ်သက်တဲ့ ကိစ္စရပ်ကို ဆက်လက်ကိုင်တွယ်နေပြီး မဏိပူရ် ရဲ အွန်လိုင်းရာဇဝတ်မှုခင်းဌာန နဲ့ ချိတ်ဆက်ကာ နေရာအတိအကျကို ရှာဖွေပြီး အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မေလ ၇ ရက်နေ့မှာ ထုတ်ဖော်ပြောထားပါတယ်။ လင့် – t.ly/0F705

ဒါကြောင့် နွားကို သေနတ်နဲ့ ရက်ရက်စက်စက် သေနတ်နဲ့ ပစ်ခတ်နေတဲ့ ရုပ်သံဖိုင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ရက္ခိုင့်တပ်တော် AA က တပ်ဖွဲ့ဝင်တွေ ကျူးလွန်ထားတဲ့ ရုပ်သံမဟုတ်သလို မြန်မာနိုင်ငံက ဖြစ်စဉ်လည်း မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်က ရုပ်သံဖိုင်ကို အသုံးပြုပြီး စစ်ကောင်စီထောက်ခံသူတွေက လုပ်ကြံဖန်တီး ဖြန့်ဝေထားတဲ့ သတင်းမှားပဲ ဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက်စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။