ယေရှုဟာ လူမည်းဖြစ်ကြောင်း ပူတင်သက်သေပြခြင်းမဟုတ်

မဇ္ဈိမ။ ။ ရုရှားသမ္မတ ဗလာတီမာပူတင်က ယေရှုဟာ လူမည်းဖြစ်ကြောင်း သက်သေပြခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်တခု ပျံ့နေပါတယ်။ ဒီအကြောင်းအရာဟာ လွဲမှားနေပါတယ်။

“ရုရှားသမ္မတ ပူတင် ချပြခဲ့သော ကပ္ပလီ ဂျီဇက် ၏ ပုံများဖြစ်သည်” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ဂျီးဆပ် လို့ခေါ်ကြတဲ့ သခင်ယေရှု ဟာ လူမည်းတယောက်ဖြစ်ပြီး ဒီသမိုင်းတွေကို အနောက်တိုင်းသား လူဖြူတွေက ဖုံးကွယ်ကာ ၁၉ ရာစုအထိ လူမည်းတွေကို ကျွန်ပြုခဲ့တယ်လို့ ကျော်စွာ တယ်လီဂရမ်ချန်နယ်ကနေ မတ်လ ၂၇ ရက်နေ့မှာ ရုပ်သံဖိုင်တခုနဲ့အတူ ဖြန့်ဝေခဲ့ပါတယ်။ ရုပ်သံထဲမှာတော့ ရုရှားသမ္မတ ပူတင်က သေတ္တာပုံစံငယ်တခုကို ဖွင့်ပြနေပြီး အဲ့ဒီအထဲမှာ ယေရှုမျက်နှာပုံစံ နဲ့ ပုံတပုံကို မြင်ရမှာပါ။ ဒါကို တခြားတယ်လီဂရမ်ချန်နယ်တွေမှာလည်း ပြန်လည် ဖြန့်ဝေထားကြပြီး တယ်လီဂရမ်မှာ ကြည့်ရှုသူ ၄၂,၀၀၀ ကျော်ရှိပါတယ်။ ဒါ့အပြင် ဖေ့ဘုတ်လူမှုကွန်ရက်မှာလည်း ဖြန့်ဝေထားကြပါတယ်။

အရင်ဆုံး ပုံရဲ့ သမိုင်းကြောင်းကို ကြည့်ရအောင်ပါ။ ဒီပုံဟာ သခင်ယေရှုသက်ရှိထင်ရှား ရှိစဉ်က ဂျေရုစလင်မြို့မှာ ယေရှုရဲ့ မျက်နှာတော်ကို ဆေးကြောပြီး အဝတ်စနဲ့ အုပ်ပြီး အခြောက်ခံတဲ့အချိန်မှာ ယေရှုရဲ့ မျက်နှာတော်ဟာ အဝတ်စမှာ ပေါ်လာတဲ့ ပုံတူပဲ ဖြစ်ပါတယ်။ ဒီအဝတ်စနဲ့ အုပ်လိုက်ရင် ရောဂါဘယတွေပျောက်ကင်းတယ်လို့ ယုံကြည်တဲ့ ယုံကြည်မှု တခု ရှိခဲ့ပါတယ်။
ဒီယုံကြည်မှုဟာ ရှရှားမှာလည်း ရှိနေပြီး ရုရှားသမ္မတ ပူတင်က ဒီပုံတူကို ရုရှားစစ်တပ်အတွက် လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ အမေရိကန်အခြေစိုက် အချက်အလက် စစ်ဆေးတဲ့ အဖွဲ့တခုဖြစ်တဲ့ Politi Fact ဆိုတဲ့အဖွဲ့ကနေလည်း ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ယေရှုဟာ လူမည်းဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗီဒီယိုမှာ မဖော်ပြပါဘူးလို့ ဆိုထားပြီး အချက်အလက် စစ်ဆေးထားပါတယ်။ လင့် – https://shorturl.at/CSUZ3

ဒီပုံတူဟာ ရာစုနှစ်များစွာကတည်းက ရုရှားတပ်ဖွဲ့တွေအတွက် အကာအကွယ် သင်္ကေတ တခုအဖြစ်ရှိနေတာဖြစ်ပါတယ်။ ဒီပုံကို ရုရှားစစ်တပ်ရဲ့ ဆိုင်းဘုတ်တွေအပြင် ခံတပ်တံခါးတွေပေါ်မှာ ထားရှိတဲ့ ပုံလို့လည်း သိရပါတယ်။ ဒီအကြောင်းကို TASS သတင်းဌာနက သတင်းဖော်ပြထားပါတယ်။ လင့် – https://tass.com/society/1606131

ဒီဗီဒီယိုဖိုင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ၂၀၂၃ ခုနှစ် ဧပြီလမှာ စစ်ပွဲဖြစ်ပွားနေတဲ့ Kherson နှင့် Luhansk ဒေသတွေကို သွားတဲ့နေရာမှာ စစ်ဘက်ဆိုင်ရာ အကြီးတန်း ပုဂ္ဂိုလ်တွေကို အီစတာ လက်ဆောင်အဖြစ် ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းမှာ ပူတင်က ယေရှုဟာ လူမည်းဖြစ်ကြောင်း ပြောဆိုသွားတာ မရှိပါဘူး။ လင့်- https://shorturl.at/bILOX

ဒါ့ကြောင့် ရုရှားသမ္မတ ဗလာတီမာပူတင်က သခင်ယေရှုဟာ လူမည်းဖြစ်ကြောင်း သက်သေပြခဲ့တယ်ဆိုဟာ အချက်အလက်မှားယွင်းနေပြီး ကိုးကွယ်ယုံကြည်တဲ့ အကာအကွယ်တခုကို စစ်ပွဲဒေသမှာရှိတဲ့စစ်ဘက်ဆိုင်ရာ အကြီးတန်းပုဂ္ဂိုလ်တွေကို လက်ဆောင်အနေနဲ့ ပေးအပ်နေတဲ့ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

ပြည်သူတွေ အနေနဲ့ ကိုယ်ဖတ်ရှုနေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မသင်္ကာစရာတွေ ရှိနေရင် အချက်အလက်စစ်ဆေးနေတဲ့ အဖွဲ့တွေ ထံကို မေးမြန်းနိုင်ပါတယ်။ ကျွန်မတို့ မဇ္ဈိမရဲ့အချက်အလက်စစ်ဆေးသူတွေဆီကိုလဲ လာရောက်မေးမြန်းနိုင်သလို မေးမြန်းချင်ရင် “t.ly/AjFbz” ဒီလင့်လေးကနေတစ်ဆင့် လာရောက်မေးမြန်းလို့ရပါတယ်။ လင့်ကို သတင်းနဲ့အတူ တွဲလျက်ဖော်ပြထားပါတယ်ရှင်။