ရခိုင်အရေးအရပ်ဘက်အဖွဲ့ ၁၉၅ ထုတ်ပြန်ချက်မှ GSC နှုတ်ထွက်

ပုံအညွှန်း- ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဆန္ဒပြခဲ့စဉ်
ဓါတ်ပုံ- GSC

ဂျူချန်း

မဇ္ဈိမ။ ။ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေများနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့ ၁၉၅ ဖွဲ့၏ ထုတ်ပြန်ချက်မှနှုတ်ထွက်​ကြောင်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC)မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

အရပ်ဘက်အဖွဲ့အစည်း ၁၉၅ ဖွဲ့၏ သဘောထား ပူးတွဲကြေညာချက်သည် မေလ၂၂ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။အဖွဲ့အစည်းတွင်းဆိုင်ရာ သဘော ထားရယူမှုဆိုင်ရာလုပ်ထုံးလုပ်နည်းအားနည်းချက်ကြောင့်ယင်း ထုတ်ပြန်ချက်တွင် GSC အမည်ပါဝင်ခဲ့ခြင်းဖြစ်ပြီး အစုအဖွဲ့အားလုံး၏ သဘောထား ထင်ဟပ်ခြင်းမရှိကြောင်းနှင့် ယင်းအကြောင်းအရာနှင့်ပတ်သက်၍ ပြည်သူလူထုအား တောင်းပန်ကြောင်း GSCက ဖော်ပြထားသည်။

“ဒီအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ GSC ပါမလားဆိုတဲ့ ကိစ္စကိုလည်း အဖွဲ့တွင်းဒီမိုကရေစီနည်းကျပါဖို့ထောက်ခံသူနဲ့ မထောက်ခံသူဆွေးနွေးနေကြဆဲဖြစ်ပါတယ်။ ဆုံးဖြတ်ချက်မကျသေးပါဘူး။ ဒါကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားတဲ့ ရဲဘော်တဦးက သူ့သဘောနဲ့သူ GSC အမည်ကို ပါဝင်ဖို့ ပေးလိုက်တာဖြစ်ပါတယ်” ဟု GSC ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောသည်။

GSC အနေဖြင့် ရိုဟင်ဂျာအပါအဝင် အခြားသော အဖိနှိပ်ခံလူနည်းစုများ၏ လူသားဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့အတွက် အကြွင်းမဲ့ကာကွယ်ရန် ရပ်တည်ချက်အား မယိမ်းမယိုင်ဆက်လက်ခံယူထားပြီး လက်ရှိရခိုင်ပြည်နယ်၏ အခြေအနေ အပေါ်တွင် ရှင်းလင်းသောသဘောထားအမြင်တရပ် ကျေလည်စွာ ပေါ်ထွက်လာနိုင်ရန် ရိုဟင်ဂျာ၊ ရခိုင်အပါအဝင် အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ ပကတိအခြေအနေများကို ဆက်လက် လေ့လာစောင့်ကြည့်သွားမည်ဟုလည်း GSCက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေများနှင့် ပတ် သက်၍ အရပ်ဘက်အဖွဲ့အစည်း၁၉၅ ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်သည် မြေပြင်အချက်အလက်များနှင့် ကွဲလွဲနေပြီး အခြေအမြစ်မရှိသည့် တဖက်သတ်စွပ်စွဲချက်များဖြစ်သဖြင့် အပြင်းအထန်ကန့်ကွက်ကြောင်းနှင့် မိခင်အဖွဲ့အစည်း၏ သဘောထားဆန္ဒမပါဘဲ အမည်ထည့်သွင်းခံထားရခြင်း၊ အဖွဲ့အစည်း ၏ တရားဝင်ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ အမည်စာရင်းထည့်သွင်းဖော်ပြခံရခြင်း၊ လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် အသုံးချခံခဲ့ရသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်အချို့မှ နိုင်ငံရေးအရ အဖွဲ့အစည်းအမည်ကို အသုံးချဖော်ပြခဲ့ခြင်းများရှိကြောင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က မေလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ULA/AA နှင့် ခင်မင်ရင်းနှီးသော အဖွဲ့အစည်းများကြားတွင် အပြန်အလှန်နားလည်မှုလွဲခြင်း၊ ယုံကြည်မှုပျက်ပြားခြင်း၊ စိတ်ဝမ်းကွဲခြင်းမှ ရှောင်ရှားနိုင်ရန် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ အခြေအနေအကျိုးအကြောင်း ရှင်းလင်းစွာမသိဘဲဖော်ပြခံရသည့် အဖွဲ့အစည်းများရှိပါက မည်သည့်အတွက်ကြောင့်ပါဝင်ခဲ့ရသည်ကို ရှင်းလင်းချက်ထုတ်ပြန်ပေးရန်လည်း ULA/AA  က တောင်းဆိုခဲ့သည်။

ULA/AA ၏ ထုတ်ပြန်ချက်ကြောင့် ယခုကဲ့သို့နှုတ်ထွက်ရခြင်းမဟုတ်ကြောင်း GSC ပြောရေး ဆိုခွင့်ရှိသူက ဆိုသည်။

“ AA ဘက်က တုံ့ပြန်တဲ့ statement မတိုင်ခင်မှာပဲ ကျနော်တို့ရဲ့အဖွဲ့ဝင်တွေက သူတို့သဘောထားမပါကြောင်းကို လူသိရှင်ကြားပြောနေကြပြီးဖြစ်ပါတယ်။ အစထဲက အဖွဲ့အစည်းဆုံးဖြတ်ချက် အရမဟုတ်နေတဲ့အတွက် နှုတ်ထွက်ရခြင်းသာဖြစ်ပါတယ်။ သဘောတရားတွေကိုလက်မခံလို့မဟုတ်ပါ။ ရိုဟင်ဂျာတွေနဲ့ အခြားသော ဖိနှိပ်ခံလူနည်းစုတွေရဲ့အရေးအတွက် ဒီလိုမျိုး Statement ထုတ်တာထက်ပိုတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေလုပ်ရမယ်လို့ တောင် ကျနော်တို့အနေနဲ့ ယုံကြည်ပါတယ်” ဟု GSC ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အရပ်ဘက်အဖွဲ့ ၁၉၅ ဖွဲ့၏ သဘောထား ပူးတွဲထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည့် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) အဖွဲ့ကလည်းယင်းထုတ်ပြန်ချက်သည် တိကျခိုင်မာမှု အားနည်းသည့် အချက်အလက်များကို အခြေပြုထားခြင်း၊ မူကြမ်းနှင့်တရားဝင်ထုတ်ပြန်ချက်တွင် အချက်အလက်အချို့ ကွဲလွဲနေခြင်း ရှုပ်ထွေးမှုများ ရှိနေခြင်းကြောင့်ပါဝင်မှုမှ နှုတ်ထွက်ကြောင်း မေလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရခိုင်အရေး ထုတ်ပြန်ချက်နှင့်ပတ်သက်၍ အဖွဲ့အစည်း ၁၉၅ ဖွဲ့မှ အဖွဲ့နှစ်ခုသည် ၎င်းတို့သဘောဆန္ဒအရ နှုတ်ထွက်ထားပြီး နောက်ထပ်သုံးဖွဲ့ သည် ယင်းထုတ်ပြန်ချက်အတွင်းပါဝင်ရန် ဆက်သွယ်လာကြောင်း ၁၉၅ ဖွဲ့တွင် ပါဝင်သည့် ရှေ့ပြေးသံအဖွဲ့ (Progressive Voice) အဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာက မဇ္ဈိမကို ပြောသည်။

“လက်မှတ်ထိုးပါဝင်ထားပြီးသား ၁၉၅ ဖွဲ့ထဲက ၂ ဖွဲ့ကတော့ သူတို့ရဲ့အဖွဲ့တွင်း ဆက်သွယ်ရေးလွဲမှားမှုတွေ ရှိလို့နဲ့တူပါတယ်။ သူတို့သဘောဆန္ဒနဲ့သူတို့ ပြန်ထွက်ပါတယ်။ ကျမတို့ဘက်ကတော့ ဘယ်အဖွဲ့အစည်းတစ်ခုကိုမှ သူတို့သဘောထားဆန္ဒမပါဘဲ အဖွဲ့နာမည်ထည့်လိုက်တာ မရှိဘူးဆိုတာကိုတော့ အသေအချာပြောနိုင်ပါတယ်။ နှစ်ဖွဲ့ကပြန်ထွက်သွားတာရှိသလို ဒီထုတ်ပြန်ချက်မှာ ပါဝင်ချင်လို့ အဖွဲ့နာမည်ထည့်ပေးဖို့ တောင်းဆိုလာတဲ့ အဖွဲ့သစ် နောက်ထပ် သုံးဖွဲ့ထပ်တိုးလာတာလည်း ရှိပါတယ်။ ” ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။

အရပ်ဘက်အဖွဲ့ ၁၉၅ ဖွဲ့၏မေလ ၂၂ ရက်က ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ စစ်ကောင်စီကအကြမ်းဖက်မှုများရှိနေကြောင်း ဖော်ပြထားသလို  အာရက္ခတပ်တော် (AA)သည် ရိုဟင်ဂျာများကို ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများမပြုလုပ်ဟု ထုတ်ပြန်ထားသော်လည်း မြေပြင်တွင်AA တပ်ဖွဲ့ဝင်များက ကျူးလွန်နေကြောင်း စွပ်စွဲခံထားရသော ကိစ္စရပ်များရှိနေသည်ဟု ပါရှိသည်။ဧပြီလ နှင့် မေလတွင် ဘူးသီးတောင်မြို့ရှိ သံကျောက်ခဲရွာ၊ ရွက်ညိုတောင်ရွာနှင့် မောင်တော မြို့ရှိ သရက်အုတ်ရွာ စသည့်နေရာများတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံထားရခြင်းများ၊ ရိုဟင်ဂျာများ မတရား ဖမ်းဆီးခံရခြင်းများ၊ ဘူးသီးတောင်မြို့ကို AA က ထိန်းချုပ်ထားပြီးနောက် မေလ ၁၇ရက် ညပိုင်းတွင် ရိုဟင်ဂျာအရပ်သား အများစု နေထိုင်သည့်မြို့ပေါ်ရှိ နေအိမ်များအား AA မှ မီးရှို့ ဖျက်ဆီးခဲ့ပြီး ယင်းသည် စစ်ရာဇဝတ်မှုအပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်၍လွတ်လပ်သောစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန်နှင့် ကျူးလွန်မှုများအမှန်တကယ်ရှိနေပါက ကျူးလွန်သူများအား အပြစ်ပေးအရေးယူရန်  AA ကိုတောင်းဆိုကြောင်း ပါရှိသည်။

စစ်ကောင်စီနှင့်AAကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ရခိုင်ဒေသရှိ ပြည်သူများ အားလုံး၏ လုံခြုံရေးကို အထူး စိုးရိမ်မိကြောင်းနှင့် ရခိုင်ဒေသ အတွင်းနေထိုင်နေကြသော ပြည်သူလူထုများ အားလုံးကို ကာကွယ်ပေးရန် AA ၌ တာဝန်ရှိကြောင်းလည်း ဆိုထားသည်။

GSCကို   စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဘုံသဘောတူညီချက်အချက်သုံးချက်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဟန်ချက်ညီ ပူးပေါင်းလုပ်ဆောင်နိုင်ရန်ဟုဆိုကာ  ရွှေဝါရောင်သံဃာ့ကွန်ယက်၊ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) ၊၈၈ မျိုးဆက်ရိုဟင်ဂျာလူငယ်ကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU)၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) အပါအဝင် အဖွဲ့အစည်းပေါင်း ၂၈ ဖွဲ့ဖြင့် ၂၀၂၁ ခုနှစ်တွင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

၁၉၅ဖွဲ့က ထုတ်ပြန်ခဲ့သည် မေလ ၂၂ရက်တွင်ပင် GSC ၌ ပူးပေါင်းပါဝင်မှုကို ယာယီ ရပ်နားလိုက်ပြီဖြစ်ကြောင်းAASYCက ထုတ်ပြန်ခဲ့သည်။

GSCအနေဖြင့် တပ်ပေါင်းစုကို ကိုယ်စားပြု၍ လုပ်ကိုင်ဆောင်ရွက်မှုများတွင် မိမိတို့အဖွဲ့အစည်း၏ ဆန္ဒသဘောထားအား ထင်ဟပ်မှုနှင့် အလေးထားစဉ်းစားမှုများ (အထူး) အားနည်းလာ သဖြင့် ပူးပေါင်းပါဝင်မှုယာယီရပ်နားခြင်းဟု AASYCက အသိပေးထားသည်။ သို့ရာတွင် GSC ၏ ရည်မှန်းချက်များဖြစ်သော “စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ်များ အကုန်အစင်ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး” တို့သည် မိမိတို့အဖွဲ့အစည်း၏ ရည်မှန်းချက် များနှင့် အတိုင်းအတာတခုအထိ ကိုက်ညီနေဆဲဖြစ်သဖြင့် တတ်နိုင်သည့်ဘက်မှ လက်တွဲ ဝိုင်းရံသွားမည်ဟု ဆိုထားသည်။

စာတည်း – အေးချမ်း