ထိုင်ဝမ်အနီး တရုတ်ကစစ်ရေးလေ့ကျင့်စဉ် ဒေသတွင်းငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် စင်္ကာပူနှင့် ဗီယက်နမ် တောင်းဆို

Photo:AFP

Devdicourse:-

ထိုင်ဝမ်အနီးတဝိုက်တွင် တရုတ်က အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သောကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် စင်္ကာပူနှင့်ဗီယက်နမ်နိုင်ငံတို့က တောင်းဆိုလိုက်ကြောင်း Taiwan News သတင်းတွင် ဖော်ပြထားသည်။ 

စင်္ကာပူဒုတိယဝန်ကြီးချုပ်ဂန်ကင်မ်ယောင်းက “ထိုင်ဝမ်ရေလက်ကြားတွင် ပဋိပက္ခဖြစ်ပွားပါက ပါဝင်ပတ်သူအားလုံးနှင့် ကမ္ဘာကြီးတခုလုံးအတွက် မလိုလားအပ်သည့် အကျိုးဆက်များကို ဖြစ်ပေါ်လာစေနိုင်ကြောင်း” သတိပေးပြောကြားခဲ့သည်ဟု CNA သတင်းကို ကိုးကား၍ Taiwan News သတင်းတွင် ဖော်ပြထားသည်။ အမေရိကန်နှင့် တရုတ်အကြား ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။ 

ထို့ပြင် တရုတ်က မေ ၂၄ ရက်၌ ထိုင်ဝမ်အနီးတဝိုက်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သောကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် စင်္ကာပူဒုတိယဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာတို့က တောင်းဆိုခဲ့သည်။ 

ထိုင်ဝမ်တွင် လိုင်ချင်-တဲသည် သမ္မတအဖြစ် မေ ၂၀ ရက်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ရက်ပိုင်းအတွင်း တရုတ်က မေ ၂၃ ရက်မှ ၂၄ ရက်အထိ ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးကျည်တပ်ဖွဲ့များပါဝင်သည့် နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။ တရုတ်က အဆိုပါစစ်ရေးလေ့ကျင့်မှုအား လိုင်ချင်-တဲ၏ ထိုင်ဝမ်လွတ်လပ်ရေးကို လိုလားသောရပ်တည်ချက်အတွက် အပြစ်ပေးမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါကိစ္စသည် ဒေသတွင်းပဋိပက္ခဖြစ်နိုင်ခြေအများဆုံး အချင်းအရာအဖြစ်ကြောင်း၊ အမေရိကန်နှင့် တရုတ်တို့ တဦးကိုတဦး ပြိုင်ဘက်များအဖြစ်ရှုမြင်နေပါက ပဋိပက္ခ  သို့မဟုတ် နားလည်မှုလွဲခြင်းတို့ ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း ယောင်းက ပြောကြားခဲ့သည်။ စင်္ကာပူအနေဖြင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ လေယာဉ်များနှင့် သင်္ဘောများ၏ အလည်အပတ်ခရီးစဉ်များကို လက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ခရီးစဉ်များသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရာတွင် ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍကို အထောက်အကူပြုနိုင်ကြောင်း ဂန်ကင်မ်ယောင်းက ဂျပန်နိုင်ငံတွင် ပြောကြားခဲ့သည့် ၎င်း၏ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်၏ မကြာသေးမီက လုပ်ဆောင်ချက်များအပေါ် ထိုင်ဝမ်နှင့်ပူးပေါင်း၍ အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ဒေသတွင်း ၎င်း၏ တပ်ဖွဲ့များတည်ရှိမှုနှင့် လှုပ်ရှားမှုများသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အာမခံနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ထိုင်ဝမ်ရေလက်ကြားနှင့် အနီးတဝိုက် စစ်ရေးလေ့ကျင့်မှုများနှင့်ပတ်သက်၍ တရုတ်စစ်တပ်၏ ထုတ်ပြန်ချက်များအပေါ် စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့သည်။ 

ကင်မန်၊ မတ်ဆု၊ ဝူကျုနှင့်ဒေါင်ယင်းတို့သည် တရုတ်အရှေ့တောင်ပိုင်းကမ်းရိုးတန်းနှင့်နီးသည့် ထိုင်ဝမ်ရေလက်ကြားတွင် ထိုင်ဝမ်က အလုံးစုံထိန်းချုပ်ထားသည့် နယ်မြေများဖြစ်ကြောင်း Focus Taiwan သတင်းတွင် ဖော်ပြထားသည်။ ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းသည် တရုတ်နှင့်ထိုင်ဝမ်အကြား နယ်ခြားမျဉ်းအဖြစ် ဆယ်စုနှင့်များစွာ သတ်မှတ်ထားခဲ့သော်လည်း တရုတ်စစ်တပ်သည် ၎င်းမျဉ်းကိုဖြတ်ကျော်၍ လေယာဉ်များ၊ သင်္ဘောများနှင့် ဒရုန်းများအား ပိုမိုလွတ်လပ်စွာ စေလွှတ်လျက်ရှိသည်။