ဥရောစူပါလိဂ်နဲ့ပတ်သက်ပြီး FIFA နဲ့ UEFA တို့က ‘သြဇာလွှမ်းမိုးမှု’ကို အလွဲသုံးစားလုပ်ကြာင်း  စပိန်တရားရုံး ပြော

By PKThawn

ဥရောပစူပါလိဂ်ပြိုင်ပွဲ တည်ထောက်မှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေဖြင့် FIFA နဲ့ UEFA တို့ဟာ “သူတို့ရဲ့ လွှမ်းမိုးချုပ်ကိုင်မှု အခွင့်အာဏာကို အလွဲသုံးစားလုပ်ခဲ့”ပြီး “လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ကို တားဆီးခဲ့ကြောင်း” စပိန်တရားရုံးတခုက တနင်္လာနေ့မှာ ပြောပါတယ်။

ဥရောပတရားရုံး (ECJ) က “ယှဉ်ပြိုင်မှုကို ဆန့်ကျင်တဲ့ အပြုအမူကို ရပ်တန့်ဖို့” အဖွဲ့ချုပ်နှစ်ခုကို အမိန့်ပေးခဲ့တဲ့ အစောပိုင်း ဆုံးဖြတ်ချက်ကို ထင်ဟပ်စေခဲ့တာပါ။

စူပါလိဂ်စီစဉ်သူတွေက တရားစွဲဆိုရာမှာ FIFA နဲ့ UEFA တို့ဟာ ဈေးကွက်အတွင်း လွတ်လပ်စွာ ယှဉ်ပြိုင်မှုအပေါ် “တရားမျှတမှုမရှိဘဲ အချိုးမညီတဲ့ ကန့်သတ်ချက်တွေ” ချမှတ်ခဲ့ကြောင်း တရားရုံးက ပြောပါတယ်။

ဥရောပရှိ အခြားသော ကလပ်အသင်းကြီးအများစုက စွန့်လွှတ်ခဲ့တဲ့ ဒီပရောဂျက်ကို ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က အခိုင်အမာ ထောက်ခံတဲ့အသင်းတွေဖြစ်ပါတယ်။

ဒါပေမယ့် ပြဿနာစတင်ပေါ်ပေါက်လာခဲ့တဲ့နောက်ပိုင်း ကြားဖြတ်ကာလမှာ ပြန်လည်ပြင်ဆင်ထားတဲ့ စည်းမျဉ်းတွေနဲ့ ပတ်သက်တာကြောင့် တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အကန့်အသတ်ဖြင့် သက်ရောက်မှုရှိနိုင်ပါတယ်။

အတန်း သုံးတန်းခွဲခြားကာ တန်းတက်တန်းဆင်းနဲ့ ကလပ်အသင်း ၈၀ ပါဝင်တဲ့ ပရောဂျက်ကို ပုံဖော်ဖို့ တည်ထောက်ထားတဲ့ A22 Sports Management က ဒီအမှုကို မက်ဒရစ် ကူးသန်းရောင်းဝယ်ရေး တရားရုံးဆီ တင်သွင်းခဲ့တာပါ။

ဥရောပသမဂ္ဂတရားရုံး (ECJ) က ၂၀၂၃ ဒီဇင်ဘာလမှာ ဆုံးဖြတ်ချက်ချပြီးနောက် A22 ဟာ ပိုမိုအားကောင်းလာခဲ့ပါတယ်။ စူပါလိဂ်ကို တားမြစ်တာဟာ ဥရောပ ဥပဒေနဲ့ဆန်ကျင့်တယ်လို့လည်း ဆုံးဖြတ်ချက်မှာ ဆိုထားပြီး ပြိုင်ပွဲသစ်တွေကို ခွင့်ပြုဖို့နဲ့ မခွင့်ပြုဖို့ တိကျတဲ့ စံနှုန်းတွေ UEFA မှာ မရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

“တနည်းအားဖြင့် အနာဂတ်မှာ တခြားပရောဂျက်တွေကို တားမြစ်ဖို့ မူအရ တားမြစ်ချက် ဒါမှမဟုတ် ကန့်သတ်ချက်တခု ချမှတ်ဖို့ မဖြစ်နိုင်ပါဘူး”လို့ တရားသူကြီး ဆိုဖီယာဂေးဂါစီယာက AFP မှ ကြည့်ရှုခွင့်ရခဲ့တဲ့ သူမရဲ့ တနင်္လာနေ့ စီရင်ချက်ကို ရှင်းပြခဲ့ပါတယ်။

လက်ရှိချန်ပီယံလိဂ်နဲ့ ယှဉ်ပြိုင်မယ့် “ဘောလုံးပြိုင်ပွဲပရောဂျက်မှန်သမျှအပေါ် တားမြစ်ပိတ်ပင်မှုမျိုးကို လက်ခံလိုက်တာနဲ့ ဆန့်ကျင်မှုအဖြစ် ဝန်ခံမှုဖြစ်စေမှာဖြစ်တယ်လို့ တရားသူကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စပိန်ဟာ စူပါလိဂ်လိုမျိုး ပရောဂျက်တွေကို ဆန့်ကျင်တဲ့ ပူးတွဲကြေညာချက်တရပ်ကို ဖေဖော်ဝါရီမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဥရောပနိုင်ငံ ၂၆ နိုင်ငံထဲ မပါဝင်ခဲ့ဘဲ “တရားမျှတ”တဲ့ ယှဉ်ပြိုင်မှုကို လိုအပ်ကြောင်း အားပေးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့အပါအဝင် ဥရောပထိပ်သီးကလပ် ၁၂ သင်းတွေက ၂၀၂၁ မှာ အဆိုပြုခဲ့တဲ့ စူပါလိဂ်ပရောဂျက်ရဲ့ ပထမမူကြမ်းဟာ အဓိကအားဖြင့် အင်္ဂလန်ကလပ်အသင်းတွေရဲ့ ပရိသတ်တွေ အပြင်းအထန် ဆန့်ကျင်မှုနဲ့ UEFA ၊ FIFA တို့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် လျင်မြန်စွာ ပြိုလဲသွားခဲ့ရပါတယ်။

ဒါပေမယ့်လည်း ပွင့်လင်းမြင်သာမှု၊ ဓမ္မဓိဋ္ဌာန်ကျမှု၊ ခွဲခြားဆက်ဆံမှုကင်းပြီး အချိုးကျမျှတမှုတို့ကို အာမခံချက်ပေးတဲ့ ဘယ်စံနှုန်းဖြင့်မဆိုကို ဒီအဖွဲ့ချုပ်နှစ်ခုရဲ့ လုပ်ပိုင်ခွင့်အာဏာတွေက ချုပ်ကိုင်ထားခွင့်မရှိကြောင်း ECJ က ဆုံးဖြတ်ပြီးနောက် အဆိုပါစီမံကိန်းကို ယခုဆောင်းရာသီမှာ ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ကစလို့ UEFA ဟာ ၂၀၂၂ ဇွန်လမှာ ချမှတ်ခဲ့တဲ့ ပိုပြီးအသေးစိတ်ကျတဲ့ စည်းမျဉ်းအသစ်တွေဖြင့် ဒီ ‘အားနည်းချက်’ ကို ပြင်ဆင်ခဲ့ပါတယ်။

UEFA က ECJ ရဲ့ စီရင်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ “ဒီစီရင်ချက်ဟာ ‘စူပါလိဂ်’ကို အတည်ပြုပြီး ဒါမှမဟုတ် တရားဝင်ပြီးဖြစ်ကြောင်း မဆိုလိုပါဘူး။”လို့ ပြောပါတယ်။

လာလီဂါ အကြီးအကဲ ဂျာဗီယာ တီဘက်စ်က “စီရင်ချက်ဟာ အတည်မပြုနိုင်သလို ဒါက သိသာထင်ရှားတဲ့ ပြောင်းလဲမှုကိုလည်း မသက်ရောက်ပါဘူး”လို့ စူပါလိဂ် ပရောဂျက်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ပါတယ်။

(AFP)