တောင်သာတွင် ပျူခေါင်းဆောင်ဆိုသူ နေအိမ်ကို ဝင်ရောက်ပစ်ခတ်မှု ၃ ဦးသေဆုံး

ပုံအညွှန်း။​ ။ တောင်သာမြို့နယ်၊ တောင်ကန်တော်ရွာပျူခေါင်းဆောင်ဆိုသူထံမှ သိမ်းဆည်းရရှိသော လက်နက်အချို့။ ဓာတ်ပုံ / တောင်သာ(ပကဖ)

ပုံအညွှန်း။​ ။ တောင်သာမြို့နယ်၊ တောင်ကန်တော်ရွာပျူခေါင်းဆောင်ဆိုသူထံမှ သိမ်းဆည်းရရှိသော လက်နက်အချို့။ ဓာတ်ပုံ / တောင်သာ(ပကဖ)

ကိုခင်မောင်

(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်ကန်တော်‌ရွာရှိ ပျူစောထီးခေါင်းဆောင်ဆိုသူ၏ နေအိမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ သုံးဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) Scorpions People Defense Force အဖွဲ့မှ ယမန်နေ့ (မေလ ၃၁ရက်)ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ပျူစောထီးခေါင်းဆောင် ကိုအောင်ဆန်းသည် စစ်မှုထမ်းရန်အတွက် ဒေသခံများအား အတင်းအဓမ္မခိုင်းစေခြင်း၊ ၎င်း၏သတင်းပေးတိုင်ကြားမှုကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ ဖမ်းဆီးခံရခြင်း စသည့်အချက်များကြောင့် မေလ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၃၀မိနစ်အချိန့်ခန့်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ဟု Scorpions People Defense Force တာဝန်ရှိသူမှ မဇ္စျိမကိုပြောသည်။

“ပျူခေါင်းဆောင် အောင်ဆန်းတို့က လက်နက်ကိုင်ပြီး ရွာသူရွာသားတွေကို စစ်ဆေးတာ ငွေညှစ်တာတွေလုပ်တယ်။ ပျူခေါင်းဆောင်လုပ်ပြီး ရွာသားတွေကို အတင်းအဓမ္မပျူသင်တန်းတက်ခိုင်းတယ်။ သူ့ကြောင့် ထောင်ကျတဲ့သူတွေလည်းရှိပါတယ်။ အခုနောက်ပိုင်းမှာ သူနဲ့ သူ့သမက်ပေါင်းပြီး လုပ်ရပ်တွေက ပိုဆိုးလာတယ်ပေါ့ ။ သူတို့က ဘယ်သွားသွား လက်နက်ကိုင်ပြီး ပြည်သူတွေကို ခြိမ်းခြောက်မှုတွေ ခဏခဏလုပ်ဆောင်နေတာပါ။ သူက နေရာတင်သေပြီး သူ့သမီးနဲ့ သမက်က ဆေးရုံရောက်တော့ သေသွားတာပေါ့။” ဟု Scorpions People Defense Force တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

အဆိုပါပစ်ခတ် တိုက်ခိုက်မှုအတွင်း ပျူစောထီးခေါင်းဆောင် အောင်ဆန်းအပါအဝင် ပျူစောထီးအဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ပြီး ကာဘိုင်တလက် ၊ ကျည်ဆန် ၆၇တောင့်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပျူခေါင်းဆောင်ဆိုသူ ကိုအောင်ဆန်းနှင့်အတူ ပစ်ခတ်ခံရသော အသက်၂၈ နှစ်ဝန်းကျင်အရွယ်များဖြစ်သည့် ၎င်း၏သမီးနှင့် သားမက်တို့ကလည်း ပျူစောထီးသင်တန်းဆင်းသူများဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသူများဖြစ်သည်ဟု Scorpions People Defense Force တာဝန်ရှိက ဆက်လက်ပြောသည်။

အသက် ၅၇နှစ်အရွယ်ရှိ ကိုအောင်ဆန်းသည် တော်လှန်ရေးစတင်ချိန်မှစ၍ တောင်သာမြို့နယ် ဦးကျောဇီရွာရဲစခန်းနှင့် ဇဂျမ်းရွာ ရဲစခန်းရှိ စစ်ကောင်စီတပ်များအတွက် သတင်းပေးဒလန်လုပ်ပေးနေသူဖြစ်ပြီး ယခုအချိန်တွင် ပျူခေါင်းဆောင်လုပ်ကာ ပျူစောထီးသင်တန်းများလည်း ဦးဆောင်ဖွင့်လှစ်ထားသူဖြစ်ကြောင်း ၎င်းတာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပကဖ( Scorpions People Defense Force )နှင့်အတူ The Value Of Young Men (မြင်းခြံခရိုင်တပ်ရင်းအမှတ်-၈)၊ နေပြည်တော် PDF တပ်ရင်း( ၈၀၁ )တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၇ရက်နေ့တွင်လည်း နွားထိုးကြိီးမြို့နယ်၊ ထန်းတောမကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားကြောင်း တောင်သာမြို့နယ် ပကဖ က သတင်းထုတ်ပြန်သည်။

စာတည်း – သန့်ဇော်(သန်လျင်)