မြန်မာနိုင်ငံသားများအား အမေရိကန်တွင် ယာယီနေထိုင်ခွင့် သက်တမ်းတိုးရန် ခွင့်ပြု

U.S Citizenship and Immigration Services

မြန်မာနိုင်ငံသားများအတွက် ယာယီအကာအကွယ်ပေးရေးနေထိုင်ခွင့်(TPS)ကို ၂၀၂၄ ခုနှစ်၊ မေ ၂၆ ရက်မှ ၂၀၂၅ ခုနှစ်၊ နိုင်ဝင်ဘာ ၂၅ ရက်အထိ ၁၈ လ သက်တမ်းတိုးလိုက်ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး အလက်ဂျန်ဒရို အဲန် မာယော့ကာစ်က မတ်လ ၂၂ ရက်တွင် ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသော သာမန်မဟုတ်သည့် အခြေအနေများကြောင့် နိုင်ငံအတွင်းသို့ ဘေးကင်းလုံခြုံစွာပြန်ရန် အတားအဆီးများ ရှိနေသည့်အတွက် ယခုကဲ့သို့ သက်တမ်းတိုးလိုက်ခြင်း ဖြစ်သည်။ သက်တိုးခြင်းနှင့် ပြန်လည်သတ်မှတ်ခြင်းအရ TPS ပထမဆုံးလျှောက်ထားမည့်သူများနှင့် လက်ရှိအကျုံးဝင်သူများ မှတ်ပုံတင်ရမည့် နည်းလမ်းများကိုလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယာယီနေထိုင်ခွင့်(TPS)သတ်မှတ်ပေးရန် လိုအပ်သည့်အခြေအနေများ မြန်မာတွင် ဆက်လက်ဖြစ်ပေါ်နေသောကြောင့် ဝန်ကြီး မာယော့ကာစ်သည် မိတ်ဖက်အဖွဲ့အစည်းများနှင့်တိုင်ပင်၍ ယခုကဲ့သို့ ယာယီနေထိုင်ခွင့် ၁၈ လ သက်တမ်းတိုးရန်နှင့် ပြန်လည်သတ်မှတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်အတူ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူမဟုတ်သည့် ကျောင်းသားများအတွက် ကျောင်းသားအထူးကင်းလွတ်ခွင့်ကိုလည်း ထုတ်ပြန်ထားသည်။ အကျုံးဝင်သည့် ကျောင်းသားများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်မည် ဖြစ်သည်။

ယာယီနေထိုင်ခွင့်(TPS)တွင် လက်ရှိအကျုံးဝင်သူ မြန်မာနိုင်ငံသား ၂,၃၀၀ ခန့်အနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ၂၀၂၅ ခုနှစ်၊ နိုင်ဝင်ဘာ ၂၅ ရက်အထိ ယာယီနေထိုင်ခွင့် ဆက်လက်ရရှိမည်ဖြစ်သည်။ ယာယီနေထိုင်ခွင့်ပြန်လည်သတ်မှတ်ချက်အရ မြန်မာနိုင်ငံတွင် နောက်ဆုံးနေထိုင်ခဲ့ပြီး မည်သည့်နိုင်ငံသားအဖြစ်မှ သတ်မှတ်ခြင်း မခံရသေးသူများ အပါအဝင် နောက်ထပ် မြန်မာနိုင်ငံသား ၇,၃၀၀ ခန့်ကို ယာယီနေထိုင်ခွင့် ရရှိရန် စတင်လျှောက်ထားခွင့် ပြုထားသည်။ ၎င်းတို့အနေဖြင့် အမေရိကန်နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ မတ် ၂၅ ရက်မတိုင်မီ နေထိုင်သူဖြစ်လျှင် ဖြစ်စေ၊ တနည်းနည်းဖြင့် အကျုံးဝင်သူဖြစ်လျှင်ဖြစ်စေ အမေရိကန်နိုင်ငံတွင် ဆက်လက်နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။

ယခင်သတ်မှတ်ချက်အရ ယာယီနေထိုင်ခွင့်ရရှိထားသူများနှင့် ယခင်က လျှောက်ထားဖူးသူများအတွက် ပြန်လည်မှတ်ပုံတင်ခြင်းကို ကန့်သတ်ထားသည်။ လက်ရှိယာယီနေထိုင်ခွင့်တွင် အကျုံးဝင်သူများအနေဖြင့် ယခုနှစ် မတ် ၂၅ ရက်မှ မေ ၂၄ အကြား ရက်ပေါင်း ၆၀ အတွင်း ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်သည်။

လျှောက်ထားသူအားလုံးကို ၎င်းတို့၏ လက်ရှိ အလုပ်လုပ်ကိုင်ခွင့် (EAD) သက်တမ်းမကုန်မချင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အသစ် ထုတ်ပေးမည်မဟုတ်ပေ။ မတ် ၂၅ ရက်တွင် မှတ်ပုံတင်ခွင့်ကာလ စတင်သည့်အခါ အဆိုပါ ထုတ်ပြန်ချက်အရ ယာယီနေထိုင်ခွင့် ရရှိသည့် လျှောက်ထားသူအသစ်များနှင့် အလုပ်လုပ်ကိုင်ခွင့် အတည်ပြုချက်ပုံစံ Form I-765 တင်သွင်းထားသူများအတွက် ၁၈ လ သက်တမ်းရှိ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကို ထုတ်ပေးသွားမည်ဖြစ်ပြီး အဆိုပါလက်မှတ်သည် ၂၀၂၅ ခုနှစ်၊ နိုင်ဝင်ဘာ ၂၅ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။

ယခုပြန်လည်သတ်မှတ်ချက်အရ ယာယီနေထိုင်ခွင့်မရရှိသေးသော သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မြန်မာနိုင်ငံသားများအနေဖြင့် ယာယီနေထိုင်ခွင့် လျှောက်လွှာပုံစံ Form I-821 ဖြင့် ယခုနှစ် မတ် ၂၅ ရက်မှ လာမည့်နှစ် နိုင်ဝင်ဘာ ၂၅ ရက်အတွင်း လျှောက်ထားနိုင်မည် ဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အတွက် လျှောက်လွှာပုံစံ Form I-765 ဖြင့် လျှောက်ထားနိုင်မည် ဖြစ်သည်။