နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁ ဇွန် ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုးရ

ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ ရဲဘော်များ အပတ်စဥ် ၆ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းနေသော ကြိုပင် ဝိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ညွန့်စိုး မေလ ၃၁ ရက်၊ မွန်းလွဲပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေး နှင့် သတင်းပြန်ကြားတာဝန်ခံက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဘဘဦးတင်ဦး သည် ဇွန်လ (၁)ရက်၊ မနက် ၈နာရီ ၄၆မိနစ်မှာ ဘဝတပါးသို့ ပြောင်းရွှေ့ကွယ်လွန် သွားသည့် အတွက် အထူးဝမ်းနည်းကြေကွဲ ရကြောင်း ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်‌ရေး တပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်‌ဒေသရှိ ဒရုန်းလက်ရုံးတပ်မှ ရဲဘော်များကို သင်ကြားပို့ချ ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြိုနယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် ဦး ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ယနေ့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြိုနယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန် ၁ ရက်တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်၊ ရာဇဂြိုဟ်ကျေးရွာ၊ နန်းကျစ်လှော် ရပ်ကွက်ကို မေလ ၃၁ ရက်၊ နံနက် ၁၀ နာရီခန့်က စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ်တွင် စစ်တပ်က ဖမ်းဆီးထားသော စီပါကျေးရွာသား ၁၀ ဦးကို မေလ ၃၁ ရက်၊ နံနက်ပိုင်းက တော်လှန်ရေးတပ်များက သွားရောက် ကယ်တင်စဉ် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၁ ဦး သေဆုံးကာ PDF ၂ ဦး ကျဆုံးကြောင်း ဘုတလင်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူ တစ် ဦးက ပြောသည်။ပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနထံတွင် ဖော်ပြသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နှင့်သုံးမိုင်ခန့်အကွာရှိ နှောကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ် သော လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အမျိုးသမီးတဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်ရှိ ကျေးရွာ ၂ ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မေလ ၃၀ ရက်၊ မွန်းလွဲပိုင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း-၁၄ (YEU PDF) တပ်ဖွဲထံမှ သိရသည်။

ရန်ကုန်မြို့၊ အင်းစိန်မြိုနယ်၊ အနောက်ကြိုကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မေလ ၃၀ ရက်၊ ညပိုင်းက လက်နက်ငယ်များ ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Together Urban Force အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲချုပ် (NLD) နာယက လည်းဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဟောင်း လည်းဖြစ်ခဲ့သူ သူရ ဦးတင်ဦးသည် အသက် ၉၈ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်ကန်တော်‌ရွာရှိ ပျူစောထီးခေါင်းဆောင်ဆိုသူ၏ နေအိမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ သုံးဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) Scorpions People Defense Force အဖွဲ့မှ ယမန်နေ့ (မေလ ၃၁ရက်)ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ပဲခူးတိုင်းရှိ ကျေးရွာများကို မေလ ၂၄ ရက်၊ နံနက် ၁၀ နာရီ ကျော် ခန့် က အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိ ရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ဆီဆိုင်မြိုနယ်တွင် မေလ ၁ ရက်မှ ၃၁ ရက် ထိ တိုက်ပွဲ ၂၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်သား၊ PNO ပြည်သူ့စစ် ၄၂ ဦး သေဆုံးခဲ့ကြောင်း PNLA သတင်း နှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့တွင် မေလ ၂၇ ရက်၊ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေကြောင်း ဒေသခံပြည်သူများက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ TNLA ထိန်းချုပ် နယ်မြေအတွင်း မြေရှားသတ္တု စမ်းသပ်ရှာဖွေ တူးဖော် ထုတ်လုပ်မှုများကို ခွင့်ပြုမည်မဟုတ်ဘဲ ပိတ်ပင်လိုက်ကြောင်း TNLA က တရားဝင် သတင်း ထုတ်ပြန် သည်။

ရက္ခိုင်ပြည်နယ် ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီက ယနေ့ (ဇွန်လ ၁ရက်)နံနက်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့၍ အရပ်သား ပြည်သူ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA)က သတင်းထုတ်ပြန်သည်။

တပ်တည်ထောင်မှုသုံးနှစ်ပြည့် အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) စစ် ဗျူဟာအမှတ်(၅)က ယနေ့(ဇွန်လ ၁ရက်)တွင်ထုတ်ပြန်သည်။

စစ်ကောင်စီ

နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရကို မေလ ၃၁ ရက်က အိန္ဒိယသမ္မတနိုင်ငံက ဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားရေးအတွက် နိုင်ငံတကာဆု ဆက်ကပ်လှူဒါန်း ခဲ့သည်ဟု သိရသည်။

ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ဗီယက်နမ်နိုင်ငံရှိ အလှူရှင်များက ဦးဆောင်ကျင်းပသည့် သံဃာတော် အပါး ၅၅၅၅ ပါးကို ဆွမ်းဆန်တော် နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇွန် ၁ ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့သည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်(၉)ခုရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများကို ဇွန်လအတွင်းမှာ ချေးငွေတွေ ထုတ်ချေးပေးသွားမည် ဖြစ်သည်ဟု နေပြည်တော်ရှိ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနကနေ သိရသည်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသည့်ကိစ္စများကို အွန်လိုင်းချိန်းဆိုမှုစနစ် ပြောင်းလဲဆောင်ရွက် ပေးသွားမည်ဟု ဆိုးလ်မြို့ မြန်မာသံရုံးက မေလ ၃၁ ရက်တွင် အသိပေးကြေညာထားသည်။

အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းသွားမှာဖြစ်သည်ဟု ယူ ရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်​​တွေမြို့နယ် ဗျိုင်းဖြူ​ကျေးရွာတွင် စစ်​ကောင်စီတပ်က ဒေသခံအရပ်သား ၂၀ ဦးဝန်းကျင်ကို သတ်ဖြတ်ပြီး ၁၀၀ ​​ကျော်ကိုဖမ်းဆီးသွားသဖြင့် ရွာလုံးကျွတ်​ထွက်​​ပြေးတိမ်း​ရှောင်​နေရ​ကြောင်း ဒေသခံများထံသိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပုဂံမြို့သို့ လာရောက်ပြီးနောက် ပုဂံမြိုသစ်၊ မြို့လယ် ဘုရားအနီးရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ယမန်နေ့ ညပိုင်းတွင် လျှပ်စစ်မီးများ ဖြတ်တောက်၍ ဒေသအာဏာပိုင်များက ဖယ်ရှား ရှင်းလင်းသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က စံပြကျေးရွာဖြစ်သည့် ယိုးတရုပ် ကျေးရွာကို ယနေ့ ဇွန်လ ၁ ရက်၊ နံနက် ၁၀ နာရီကျော်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့၍ အရပ်သား အများအပြား ထိခိုက်၊ သေဆုံးမှုရှိသည်ဟု သိရသည်။

ဇွန် ၁ ရက် သုံးသပ်ချက်

စစ်အုပ်စု အဆက်ဆက်သည် မြန်မာ့တပ်မတော်ကို စတင်တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် မနာလိုစိတ် နှင့် ကြောက်ရွံ့သိမ်ငယ်စိတ်များ ရှိနေပြီး ပြည်သူလူထု၏အရှေ့တွင် ရုပ်ပုံစာသားအကြောင်းအရာများ ပေါ်ထွက်မလာအောင် ဖိနှိပ်လေ့ရှိကို အားလုံးအသိပင်ဖြစ်သည်။ ယခုလည်း ပုဂံက ဗိုလ်ချုပ်ရုပ်ထုကို မင်းအောင်လှိုင် လာရောက်ပြီး မကြာခင် ဖယ်ရှားပစ်လိုက်သည်။