မြင့်မားလာတဲ့ နိုင်ငံခြားငွေကြေးနဲ့ မြန်မာ့စီးပွားရေး

(ဓားရိုင်း)

မတ်လဆန်းပိုင်းကစပြီး နိုင်ငံခြားငွေကြေးနှုန်းတွေ တဖြည်းဖြည်းပြန်လည်မြင့်တက်လာနေပြီး မတ်လအလယ်မှာ တဒေါ်လာကိုပြင်ပပေါက်ဈေးကျပ် ၄,၀၀၀ ကျော်အထိဖြစ်လာပါတယ်။ ထိုင်းဘတ်တောင် ကျပ် ၁၁၀ ဝန်းကျင်း ကျင်အထိဖြစ်လာခဲ့ပြီး စင်ကာပူဒေါ်လာက ကျပ် ၃,၀၀၀ ကျော်၊ မလေးရှား ရင်းဂစ်က ကျပ် ၉၀၀ ကျော်လာခဲ့ပါ တယ်။

စစ်ကောင်စီက နိုင်ငံခြားငွေကြေး ဈေးနှုန်းတွေကိုထိန်းချုပ်ဖို့ အမျိုးမျိုးကြိုးစားနေတဲ့ကြားကနေ အခုလို တရိပ်ရိပ်တက်နေခဲ့တာလည်းဖြစ်ပါတယ်။ စစ်တပ် အာဏာမသိမ်းခင်က တဒေါ်လာကို ၁,၃၀၀ ကျပ်သာရှိခဲ့ရာ ကနေ အာဏာသိမ်းပြီး သုံးနှစ်ကျော်အကြာမှာ တဒေါ်လာကို ကျပ် ၄,၀၀၀ ကျော်အထိရှိလာခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ရောက်လေရာအရပ်မှာ သူတို့လက်ထက် နိုင်ငံ့စီးပွားရေး ပြန် လည်ဦးမော့လာတယ်ဆိုပြီး ကြွေးကြော်နေတာဖြစ်ပါတယ်။

တကယ့်လက်တွေ့မှာတော့ တိုင်းပြည်စီးပွားရေး အခြေအနေဟာ နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေအောက်မှာ ရုန်းကန်နေရပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တွေ အမြောက်အမြားထွက်ခွာသွားခဲ့ပြီးနောက် ပို့ကုန်ထက် သွင်းကုန်ကို အဓိကအားထားနေခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေကြေးတွေ မြင့်တက်လာတာဟာ တိုင်းပြည်နဲ့လူထုအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ ဒီကြားထဲ လျှပ်စစ်ဓာတ်အား မလုံလောက်တဲ့ ပြဿနာကလည်း တဖြည်းဖြည်းကြီးထွားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စက်မှုဇုန်တွေအားလုံးကို တရက် နှစ်နာရီသာမီးပေးတော့မယ့်အကြောင်း မြို့နယ်လျှပ်စစ်ရုံးတွေကတဆင့် စစ်ကောင်စီက စာတွေပေး ပို့ထားခဲ့ တာဖြစ်ပါတယ်။ ဒီစာကြောင့် စက်မှုလုပ် ငန်းရှင်တွေကိုယ်တိုင်အခက်တွေ့နေပြီး စက်မှုဇုန်တွေ လည်ပတ်နိုင်ဖို့ အတွက် ပြင်ပကနေ စက်သုံးဆီတွေ ပိုမို ဝယ်ယူသုံးစွဲရတော့မယ့် အခြေအနေဖြစ်ပါတယ်။

လက်ရှိမှာ စက်သုံးဈေးနှုန်းတွေကလည်း အဆမတန်မြင့် တက်နေခဲ့တာပါ။ မေလ ၂၄ ရက် ပြင်ပပေါက်ဈေးအရ ဒီဇယ်တလီတာကို ၂,၃၄၅ ကျပ်၊ ပရီမီယံ ဒီဇယ်တလီတာကို ၂,၃၉၅ ကျပ်၊ အောက်တိန်း 92 တလီတာကို ၂,၆၂၅ ကျပ်၊ အောက်တိန်း 95 တလီတာကို ၂,၇၆၅ ကျပ် အသီးသီးရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ပြည်တွင်း စက်မှုဇုန်တွေကထွက်သမျှပစ္စည်းအားလုံး ဈေးထပ်တက်လာဦးမယ့်သဘောရှိပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ ဆိုတာ ပရဟိတသမားတွေမဟုတ်တာကြောင့် အခြေခံလူတန်းစားတွေနဲ့လိုက်ဖက်မယ့် ဈေးနှုန်းမျိုး နဲ့ရောင်းပေး ဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး။ ထပ်တက်လာမယ့်ကုန်ဈေးနှုန်းကိုလိုက်ပြီး အခြေခံ ပြည်သူ တွေ နေ့စဉ်ဝယ်ယူစား သုံးဖို့ဆိုတာကလည်း ခက်ခဲနေပါတယ်။ ငွေကြေးဖောင်းပွမှုတွေ အဆမတန် မြင့်တက် လာပြီး ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်နေပေမယ့် လုပ်ခလစာတွေ လိုက်တက်မလာ တာကြောင့် ဖြစ်ပါတယ်။ အနိမ့်ဆုံးတရက် လုပ်ခ ၄,၈၀၀ ကျပ်ကို ထောက်ပံ့ကြေး ၁,၀၀၀ တိုးပေးပြီး ၅,၈၀၀ ကျပ်အဖြစ် စစ်ကောင်စီကသတ်မှတ်ထားပေမယ့် လုပ်ငန်းခွင်တွေမှာတော့ ထောက်ပံ့ကြေးမပါဘဲ ၄,၈၀၀ ကျပ်နဲ့ပဲရှင်းပေး နေတဲ့ လုပ်ငန်းတွေအများကြီးရှိနေတာ ဖြစ်ပါတယ်။ တကယ်တမ်း တရက်လုပ်ခ ၅,၈၀၀ ဆိုတာကလည်း လက်ရှိငွေကြေးဖောင်းပွနေတဲ့အခြေအနေနဲ့ တွက်ကြည့်ရင် အဆမတန်နည်းပါးနေတဲ့ နှုန်းထားတရပ်သာ ဖြစ်ပါတယ်။ တိုင်းပြည်တခုမှာ အခြေခံလူတန်းစား တွေဖြစ်တဲ့ လက်လုပ်လက်စားတွေနဲ့ ဝန်ထမ်းတွေရဲ့ ငွေဖြုန်း အားမရှိဘဲနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ကြာကြာ ရပ်တည်နိုင်ဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး။ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကတော့ ငွေကြေးဖောင်းပွမှုနှုန်း ကိုထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်ဆိုပြီး မေလ ၃ ရက်က ထုတ်ပြန်ထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်ဖို့ အတိုးနှုန်းမြှင့်တင်တာထက် ဘဏ်တွေက မြန်မာ ကျပ်ငွေနဲ့ထားရှိရမယ့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးကို မြှင့်တင်တာနဲ့ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးတဲ့နည်းလမ်းတွေကို ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်းကို အထိုက် အလျောက်ထိန်းချုပ်နိုင်ဖို့ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းအခြေအနေ၊ ငွေကြေးပမာဏအခြေအနေ၊ ဘဏ်တွေ ရဲ့ ချေးငွေနဲ့ ဂျီဒီပီအချိုး၊ အိမ်ထောင်စုကြွေးမြီနဲ့ ဂျီဒီပီအချိုး စတဲ့ အခြေအနေတွေကို စိစစ်သုံးသပ်ပြီး ဒီနည်းလမ်း တွေကိုရွေးချယ်ခဲ့တာလို့လည်း ဆိုပါတယ်။ ၂၀၂၄ ခုနှစ်၊ မေလကစပြီး အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးကို ၃ ဒသမ ၅ ရာခိုင်နှုန်းကနေ ၃ ဒသမ ၇၅ ရာခိုင်နှုန်း

အထိ တိုးမြှင့်တာနဲ့ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေးတဲ့ အတိုးနှုန်းကို လက်ရှိ ၃ ဒသမ ၆ ရာခိုင်နှုန်း ကနေ ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ မြှင့်တင်တာကိုဆောင်ရွက်သွား မှာဖြစ်ပါတယ်။

အခုလို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်ဖို့လုပ် နေချိန်မှာပဲ နိုင်ငံခြားငွေကြေးတန်ဖိုးတွေ မြင့်တက်လာနေတာလည်းဖြစ်ပါတယ်။ လက်ရှိငွေကြေးဖောင်းပွမှုနှုန်း အတန်အသင့် မြင့်မားနေတာဟာ အမေရိကန်နိုင်ငံက အတိုးနှုန်းမြှင့်တင်တာကြောင့်ဖြစ်တယ်ဆိုပြီး ဗဟိုဘဏ်က တော့စွပ်စွဲထားပါတယ်။ အမေရိကန်ရဲ့ အတိုးနှုန်းမြှင့်တင်မှုကြောင့် ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ပြီး ဖွံ့ဖြိုးပြီး နိုင်ငံ တွေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးတွေကျဆင်းလာတာကြောင့် မြန်မာနိုင်ငံမှာလည်း ကုန်သွယ်ဖက် နိုင်ငံတွေရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ သွင်းကုန်တန်ဖိုးတွက်ချက်တာနဲ့ ကုန်သွယ်ဖက်နိုင်ငံတွေရဲ့ ကုန်စျေးနှုန်း တွေ မြင့်တက်တာတို့ကြောင့် သွင်းကုန်စျေးနှုန်းတွေမြင့်တက်တာ၊ ကုန်သွယ်မှုလိုငွေတွေကို စျေးကွက်က ဝယ်ယူ ဖြည့်တင်းရတာတို့ကြောင့် ကုန်စျေးနှုန်းတွေ မြင့်တက်တာဖြစ်တယ်လို့ ဗဟိုဘဏ်ကဆိုထားပါတယ်။

ငွေကြေးတန်ဖိုးပြောင်းလဲမှုကို စောင့်ကြည့်နေသူတွေကတော့ တဒေါ်လာကို ကျပ် ၄,၀၀၀ ကျော်ဘက်ကိုရောက်သွားတာဟာ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာတန်ဖိုး တက်လာတာကြောင့်သာမက စစ်ကောင်စီ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ တရားဝင်ငွေလဲနှုန်း တဒေါ်လာ ၂၁၀၀ ကျပ်ဈေးကို ဖြုတ်ချလိုက်တာကြောင့် လည်းဖြစ်တယ်လို့ ဆိုကြပါတယ်။ လက်ရှိမှာ မြန်မာကျပ်ငွေနည်းတူ ဂျပန် ယန်း၊ အင်ဒိုနီးရှား ရူပီး၊ ထိုင်း ဘတ် အစရှိတဲ့ တခြားအာရှနိုင်ငံတွေရဲ့ ငွေကြေးတွေဟာလည်း တန်ဖိုးပိုတက်လာနေတဲ့ အမေရိကန်ဒေါ်လာရဲ့ဖိအား ကိုခံနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းမှာ တဒေါ်လာကို ၃,၉၀၀ ကျပ်ဝန်းကျင်ရှိရာကနေ လက်ရှိမှာ ၄,၁၀၀ ကျပ် ကျော်အထိ ဈေးပေါက်တာကြောင့် ကျပ် ၂၀၀ နီးပါး မြင့်တက်လာနေတာဖြစ်ပါတယ်။ ဘဏ်တွေ မှာတော့ ပို့ကုန်သွင်းကုန်သမားတွေကို ၃,၈၀၀ ကျပ် ဝန်းကျင်နဲ့ ဈေးဖြတ်နေတာပါ။ စစ်ကောင်စီ ဗဟိုဘဏ်က ရည်ညွှန်းဈေးကို တရားဝင်ထုတ်ပြန်ကြေညာတာမရှိပေမဲ့ သင်္ကြန်ပြီးကတည်းက တဒေါ်လာကို ၃,၀၀၅ကျပ်၊ ၃,၀၁၀ ကျပ်ဝန်းကျင်နဲ့သာ တွက်ချက်လာတာဖြစ်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ သင်္ဘောသားလစာငွေလွဲ တွေအနေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာ ဒေါ်လာငွေ လဲလှယ်ရာမှာ ၃,၃၅၀ ကျပ်ကနေ ၃,၃၈၀ကျပ်အထိရှိလာပြီး ပို့ကုန်ရငွေ လဲလှယ်ရာမှာလည်း ၃,၆၆၀ ကျပ်ကနေ ၃,၆၇၀ ကျပ်အထိရှိလာခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်း

ကာလ သုံးနှစ်ကျော်အတွင်း ကျပ်ငွေတန်ဖိုးမှာ ထက်ဝက်ကျော်နီးပါးကျဆင်းသွားခဲ့တာဖြစ်ပြီး စစ်ကောင်စီက ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတဲ့ကြားကပဲ ငွေကြေးဖောင်းပွမှုတွေ အဆမတန်မြင့်တက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလဆန်းပိုင်းမှာ စစ်ကောင်စီ ဗဟိုဘဏ်က တဒေါ်လာရည်ညွှန်းဈေးကို ၁,၈၅၀ ကျပ်သတ် မှတ်ခဲ့တာကနေ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ တဒေါ်လာကို ၂,၁၀၀ ကျပ်အဖြစ်ထပ်မံပြောင်းလဲသတ်မှတ်ခဲ့တာဖြစ် ပါတယ်။ စစ်တပ်က အာဏာမသိမ်းခင်မှာ တဒေါ်လာကို ၁,၃၀၀ ကျပ်သာရှိခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက် နိုင်ငံ့စီးပွားရေး ကမောက်ကမဖြစ်ကာ ကျပ်ငွေတန်ဖိုးလည်း တဟုန်ထိုးကျဆင်းခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီ ဗဟိုဘဏ်က ငွေလဲနှုန်းကိုပုံသေထားဖို့ ဝင်ရှုပ်လိုက်တာကြောင့် ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ ပြင်ပပေါက်ဈေးဆိုပြီး ပြင်ပဒေါ်လာဈေးကွက်မှာ နှစ်မျိုးကွဲသွားခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းမှာ စစ်ကောင်စီ ဗဟိုဘဏ်က ငွေလဲနှုန်းမသတ်မှတ်တော့ဘဲ ဈေးကွက် ပေါက်ဈေး အတိုင်း ကုန်သွယ်ခွင့်ပြုမယ်ဆိုပြီး မူဝါဒသစ်ကို ထပ်ပြောင်းကြေညာခဲ့ပြန်တာဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ဒေါ်လာဈေးကွက်ဟာလည်း တမျိုးပြန်ပြောင်းသွား ခဲ့ပြီး အခုနောက်ဆုံးမှာ ပုဂ္ဂလိကဘဏ်တွေ ကသတ်မှတ်တဲ့ဈေးနှုန်း ထပ်မံပေါ်လာခဲ့ပါတယ်။ ဘဏ်ဒေါ်လာငွေလဲ လှယ်နှုန်ူးတွေ တိုးလာပေမယ့် စစ်ကောင်စီ ဗဟိုဘဏ်က ခွဲတမ်းနဲ့ ရောင်းချပေးနေတဲ့ စက်သုံးဆီ၊ စားဆီ၊ ဆေးဝါး အစရှိတဲ့ကုန်သည်တွေကို ဘယ်ဈေးနှုန်းနဲ့ တွက်ချက်ပြီး ဘယ်လိုလုပ်ဆောင်ပေးနေသလဲဆိုတာတော့ သေချာမသိ ရပါဘူး။ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်ကြီး တယောက်ရဲ့ပြောဆိုချက်အရတော့ ဘဏ်တွေက ငွေပြန်ဝယ်တဲ့အခါ ၂,၁၀၀ ကျပ်က ၃၅ ရာခိုင်နှုန်း၊ ကျန်တဲ့ ၆၅ ရာခိုင်နှုန်းကို ပျမ်းမျှရှိတဲ့ နှုန်းတခုပေးတယ်လို့တော့သိရပါတယ်။

အဓိကအနေနဲ့ ပို့ကုန်သမားတွေဆီကရတဲ့ငွေကို စက်သုံးဆီသမားတွေကို ပြန်ရောင်းပေးရာမှာ ဘဏ်ကသတ်မှတ် ထားတဲ့ပမာဏတခုတွေ့နေရပြီး နှုန်းထားကို တရားဝင်ပြောင်းတာမျိုးမဟုတ်ဘဲ ပို့ကုန်ရငွေအကုန်လုံးကို ပျမ်းမျှ နှုန်းနဲ့ ပေးတဲ့သဘောမျိုးဖြစ်ပါတယ်။ လက်ရှိနိုင်ငံခြားငွေကြေးဈေးကွက်ဟာ တည်ငြိမ်မှုမရှိဘဲ စစ်ကောင်စီနဲ့ လက်အောက်ခံဘဏ်တွေကြားမှာ လိုသလိုနှုန်းထားတွေနဲ့ ရှုပ်နေတာတော့အမှန်ပါပဲ။ အခုလို ကမောက်ကမငွေ ကြေးတန်ဖိုးတွေနဲ့သာဆက်သွားမယ်ဆိုရင် တိုင်းပြည်စီးပွားရေးအခြေအနေဟာ မတွေးဝံ့စရာအခြေအနေကို ရောက်သွားဖို့ရှိနေပါတယ်။