ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံများ တိမ်းရှောင်နေရ

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေခြင်းကြောင့် မတ်လ ၂၂ ရက် နံနက် ၁၀ နာရီ အချိန်မှစ၍ ဒေသခံအများအပြား တိမ်းရှောင်နေရသည်ဟု ဒေသခံကပြောသည်။

“ကျွဲတွေ ၊ နွားတွေရော အကုန်ပါလာကြတာဆိုတော့ ရေလွယ်လွယ် ရနိုင်တဲ့ နေရာမှာ ကပ်ပြီး စစ်ရှောင်နေရတာပါ။ စစ်ရှောင်ရတာလည်း အကြိမ်ပေါင်း မနည်းဘူး။ ညတိုင်လည်း လက်နက်ကြီး ရန်တွေကြောက်တော့ ဖြောင့်ဖြောင့် မအိပ်ရဘူး” ဟု ဒေသခံ စစ်ရှောင်အမျိုးသမီး တဦးက ဆိုသည်။

အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်ဖွဲ့သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အောင်ဇေယျ တပ်ကုန်း ၊ ထိုမှတစ်ဆင့် မုံရွာ- ပုသိမ် လမ်းမကြီး တလျှောက် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

မတ်လ ၁၉ ရက် မွန်းလွဲ ၁ နာရီ အချိန်တွင် ပုသိမ်- မုံရွာ လမ်းဘေးရှိ အောင်မိုးကျေးရွာအနီး၌ လုံခြုံရေး ယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒုရဲအုပ် အပါအဝင် ရဲတပ်သား သုံးဦးသေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွါးပြီးနောက် ယခုကဲ့သို့ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် ယင်းမာပင်မြို့နယ်ရှိ ကံကုန်း ၊ မြရွှေစည် ၊ စုန်းကျင်း ၊ ဘိန်းနွယ်ချောင် ၊ ကျေးစာကျ ၊ ပေကုန်း ၊ ထန်းတောကြီး ၊ စည်လှောင်ချောင်း ၊ ရေကြည်ပင် ၊ မြရိပ် ၊ ရွာသာ ၊ ဒုံးတော ၊ ဂုဏ်တော ၊ ဆူးချဉ်ရိုး စသည့်ကျေးရွာများမှ ဒေသခံ ၈၀၀၀ ခန့် နေရပ်စွန့်ခွါ စစ်ရှောင်နေရသည်ဟု ဒေသခံထံမှ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ