မြန်မာ့စီးပွားရေး ပျက်ကပ်ဆိုက်‌‌နေပြီဟု NUG ဝန်ကြီးပြော

ရွှေနွယ်

(မဇ္စျိမ)။ ။စစ်ကောင်စီ၏စီမံခန့်ခွဲမှုအလွဲများနှင့် ပြည်သူလူထု၏အကျိုးစီးပွားအားမျက်ကွယ်ပြုမှုများကြောင့် မြန်မာ့စီးပွားရေးသည် ပျက်ကပ်ဆိုက်သည့်ကာလသို့ ရောက်နေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီးပွားရေး၊ဘဏ္ဏာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

NUG ကြားကာလဗဟိုဘဏ်အထူးအကြံပေး မစ္စတာရှောင်တာနဲလ်နှင့်အတူ ယနေ့(ဇွန်လ ၃ ရက်) ညနေ၌ ပြုလုပ်ခဲ့သည့် “မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် စီးပွားရေးပျက်ကပ်နှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ” တွင် ဦးတင်ထွန်းနိုင်ကပြောဆိုသွားခြင်းဖြစ်သည်။

စစ်ကောင်စီကငွေစက္ကူအများအပြားရိုက်ထုတ်နေခြင်း၊ စစ်အသုံးစားရိတ်မြင့်မားခြင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများပြတ်တောက်ခြင်းနှင့် နိုင်ငံခြားအရန်ငွေလက်ကျန်နည်းပါးလာခြင်းတို့သည် မြန်မာ့စီးပွားရေးပျက်ကပ်ဆိုက်ရောက်ရသည့် အဓိက အကြောင်းအရင်းများဟု ဦးတင်ထွန်းနိုင်ကပြောသည်။

“မနေ့တနေ့ကပဲ ရွှေလုပ်ငန်းရှင် ၁၀ ဦးလောက်ကို သူတို့ ဖမ်းဝရမ်းထုတ်တာတွေ့ရတယ်။ ရွှေစျေး ဒေါ်လာစျေးတက်တာ ကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရင်းတွေကြောင့် ဖြစ်နေတာပဲဖြစ်တယ်။ တနည်းအားဖြင့် သူတို့ရဲ့ အသုံးမကျတဲ့ စီမံခန့်ခွဲမှုအလွဲအမှားတွေကြောင့်သာ ဒါတွေဖြစ်နေတာဖြစ်ပါတယ်” ဟု ဦးတင်ထွန်းနိုင်ကပြောသည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် မေလအထိ သုံးနှစ်ကျော်ကာလ အတွင်း ဗဟိုဘဏ်မှ ငွေစက္ကူအသစ် ကျပ်ဘီလီယံ ၃၀,၀၀၀ နီးပါးအထိရိုက်ထုတ်ခဲ့သည်ဟု ဆိုသည်။ ယင်းသည်NLD အစိုးရသက်တမ်းအတွင်း ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်က ရိုက်ထုတ်ခဲ့သည့်
၃,၆၅၆ ဘီလီယံကျပ်ထက် ရှစ်ဆခန့် ပိုသည်ဟု ပြောကြားသွားသည်။

ထို့ပြင် စစ်ကောင်စီသည် စစ်အသုံးစရိတ်ကို နှစ်စဉ်တိုးမြှင့်နေပြီး ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ၁,၇၄၆ ကျပ်ဘီလီယံသုံးစွဲခဲ့ကာ ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စစ်အသုံးစရိတ်သုံးဆခန့်မြင့်တက်ကာ ၅,၆၃၅ ကျပ်ဘီလီယံအထိ တိုးမြှင့်သုံးစွဲခဲ့ကြောင်း ဝန်ကြီးဦးတင်ထွန်းနိုင်ကအချက်အလက်များဖြင့် ရှင်းပြသည်။ ယခု ၂၀၂၄− ၂၀၂၅ ဘဏ္ဍာနှစ်အတွက် စစ်အသုံးစားရိတ်ကို စစ်ကောင်စီက ပြည်သူလူထုသို့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခြင်းမပြုတော့ဟုဆိုသည်။

စစ်ကောင်စီသည် နိုင်ငံအတွက်လိုအပ်နေသည့် ပညာရေး၊စီးပွားရေးစသည့်အခြေခံ လိုအပ်ချက်များကို မျက်ကွယ်ပြုကာ နိုင်ငံတော် ဘဏ္ဍာငွေမှန်သမျှစစ်အသုံးစားရိတ်ထဲသို့ ထည့်နေသည်ဟု ဦးတင်ထွန်းနိုင်ကပြောကြားသွားသည်။

လက်ရှိ မြန်မာကျပ်ငွေတန်ဖိုးသည် “a non-monetary unit” ငွေကြေးမဟုတ်သော ယူနစ်၊ ငွေကြေးဟု သတ်မှတ်၍ မရသောတန်ဖိုးသို့ ဆိုက်ရောက်နေပြီဟုလည်း မစ္စတာရှောင်တာနယ်လ်က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် စီးပွားပျက်ကပ်သည် ပြည်သူလူထုသာမက စစ်ကောင်စီနှင့် ၎င်းတို့အားထောက်ခံအားပေးလျက်ရှိသည့် လူထုအတွက်ပါ ဆိုးကျိုးသက်ရောက်စေသည်ဟုဝန်ကြီးဦးတင်ထွန်းနိုင်က ပြောသည်။

“စီးပွားရေးအဏုမြူဗုံးဒဏ်ကို တော်လှန်ရေးဘက်ခြမ်းတင်ထိတာမဟုတ်ဘူး။တနိုင်ငံလုံးထိတာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးထိအောင်ဆောင်ရွက်နေတဲ့ရန်သူက တဦးတည်းပဲရှိပါတယ်။ ဘုံရန်သူသည် အကြမ်းဖက်စစ်အာဏာရှင်တွေပဲဖြစ်ပါတယ်” ဟုဦးတင်ထွန်းနိုင်ကပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် ငွေကြေးလိုအပ်ချက်ကို ဖြေရှင်းနိုင်ရန် ငွေစက္ကူကိုသာ ပိုမိုရိုက်ထုတ်လာနိုင်သည်ဟုလည်း သတိပေးသွားသည်။ ထို့ပြင် ပြည်ပရောက်မြန်မာလုပ်သားများထံမှ အခွန်ကောက်ခံနေခြင်းသည် စစ်ကောင်စီအတွက် အဓိကနိုင်ငံခြားငွေရလမ်းအဖြစ် ရပ်တည်နေသည်ကို တွေ့ရသည်ဟုဆိုသည်။

စီးပွားပျက်ကပ်မှ အချိန်တိုအတွင်းရုန်းထနိုင်ရန် ဘုံရန်သူဖြစ်သည့် စစ်ကောင်စီကို တသံတည်းညီတချီတည်းရုန်း၍ တွန်းလှန်ကြရန်အချိန်ကာလဖြစ်သည်ဟုလည်း ဝန်ကြီးဦးတင်ထွန်းနိုင်က တိုက်တွန်းပြောကြားသွားသည်။

စာတည်း – အေးချမ်း