နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၃ ဇွန် ၂၀၂၄)

အမျိုးသားညီညွတ်ရေးအစိုးရ

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကလေးခရိုင် PDF တပ်ရင်း ၃ ရင်းကို စုပေါင်းပြီး တပ်ရင်းအမှတ် ၁၆ အဖြစ် ဖွဲ့စည်းလိုက်သည်ဟု ကလေးခရိုင် အမှတ် ၁၆ တပ်ရင်း က ဇွန်လ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ တရားစွဲ နှင့် အမှုလိုက်ဦးစီးဌာန နှင့် မြို့နယ် ဥပဒေတာဝန်ခံများအကြား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့သည်ဟု ဇွန်လ ၃ ရက်တွင် ထုတ်ပြန် ထားသည်။
  • သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနဲလ် နှင့် NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တိုသည် မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော စီးပွားရေး ပျက်ကပ်နှင့်ပတ်သက်၍ ယနေ့ ဇွန်လ ၃ ရက်၊ ညနေပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာတွင် ဇွန်လ ၃ ရက်၊ နံနက် ၈ နာရီခွဲခန့်က မင်္ဂလာ ဆောင်ပွဲကျင်းပနေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၂၀ ဦးခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် ဇွန်လ ၃ ရက်၊ နံနက် ၉ နာရီခန့်က စစ်ကောင်စီတပ်သား နှစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ရာ နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း တိုက်ခိုက်မှုတွင် ပါဝင် သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ဆားတောင်နယ်မြေခံရဲစခန်းကို ဇွန်လ ၂ ရက်၊ နံနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံး ၇ လုံးကျဲချခဲ့ကြောင်း Royal Falcon Guerilla Forceမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြိုနယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇွန်လ  ၃ ရက်တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြ ခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင် အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြောက်ခြမ်းရှိ စစ်ရှောင်အမျိုးသမီးများအတွက် အမျိုးသမီးလစဥ်သုံးပစ္စည်းများကို ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်နှင့် WAB တို့ ပူးပေါင်းကာ ဇွန် ၃ ရက်တွင် အလှူရှင်များ ကိုယ်စား သွားရောက် ကူညီလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြိုနယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း  ဦးဆောင်ကာ စစ်အာဏာရှင်တော်လှန်ရေး ဇွန်လ ၃ ရက်တွင် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရရသည်။
  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပန်းယျရွာ နှင့် တံငါတောင်ရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းတို့ကို မေလ ၃၀ ရက်၊ မွန်းလွဲပိုင်းက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ရတနာပုံ တပ်ဦးမှ တာဝန်ခံ ကိုကီရီက ပြောသည်။
  • ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံ ရဲစခန်းဝင်း၊ ရဲအိမ်ထောင်သည် လိုင်းခန်းအနီး နှင့် မြောက်ဥက္ကလာပ မြို့နယ်တို့တွင် ဇွန်လ ၂ ရက်၊ ည ၈ နာရီခန့်က ဗုံးပေါက်ကွဲမှုများဖြစ်ပွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ် နှင့် ဒေသခံပြည်သူများက ပြောသည်။
  • ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုနယ်၊ ချောင်းဂေါင်းကျေးရွာအုပ်စု၊ ဆယ်ရွာ ရွာရှောင်ကုန်း တွင် နေထိုင်ပြီး အတင်းအဓမ္မ စစ်သား စုဆောင်းပေးနေသူ အငြိမ်းစား တပ်ကြပ်ကြီး စောကေထူး (ခ) စောခူထူးကို ဇွန်လ ၂ ရက်၊ မွန်းတည့်ပိုင်းက ပစ်ခတ်ရှင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ ရဲဘော်တစ်ဦးက ပြောသည်။
  • ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြိုနယ်၊ ပဲခူးရိုးမပေါ်သို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်း ဖက် စစ်သားများကို ဇွန်လ ၁ ရက်၊ နံနက်အစောပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံး ခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံက ပြောသည်။
  • တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာ အခြေစိုက် အကြမ်းဖက်စစ်တပ် ရှေ့တန်းစခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် ၇၅ သိန်း ဆုချီးမြှင့်ခဲ့ကြောင်း People Defense Organization-Tanintharyi Division တပ်ဖွဲ့ထံမှ သိရသည်။
  • တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု ကော်မတီမှ ဦးဆောင်ပြီး ဇွန်လ ၂ ရက်တွင် ကျရောက်သည့် ဗိုလ်မှူးကြီး ဗထူး ကျဆုံးသည့် ၇၉ နှစ်မြောက် “ဗထူးနေ့” အခမ်းအနားကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
  • ရခိုင်အမျိုးသားပါတီ ANP လူငယ်ခေါင်းဆောင် ဂန္ဘာရီကို ရန်ကုန်မြို့၊ လှိုင်မြိုနယ်ရှိ နေအိမ်တွင် အခြား ရခိုင်လူငယ် ၃ ဦးနှင့်အတူ မေလ ၃၁ ရက်၊ ညပိုင်းတွင် စစ်တပ်က ဖမ်းဆီးသွားကြောင်း နီးစပ်သူများက ပြောသည်။
  • တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြိုတွင် စစ်အာဏာသိမ်းမှု အလိုမရှိဆန့်ကျင်ကြောင်း ဆန္ဒပြပွဲ ကျင်းပခဲ့သည်ဟု သိရသည်။
  • မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် အကျပ်အတည်းများ အထူးသဖြင့် အရပ်သားများအပေါ် အကြမ်းဖက်မှုတိုးလာသည့် အခြေအနေများအတွက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နှင့် ကုလအထူးကိုယ်စားလှယ်တို့ မေလ ၂၉ ရက်က တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်။
  • စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် နိုင်ငံတစ်ဝန်းက လူငယ် လေးထောင်နီးပါး စစ်သား စုဆောင်းခံခဲ့ရသည်ဟု ဗမာ့ရေးရာ နှင့် ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ BACS က မေလ ၂၉ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။
  • ဂျပန်နိုင်ငံ၊ တိုကျို နှင့် အိုဆာကာမြို့တွင် ပြီးခဲ့သည့် ဧပြီလအတွင်းက ပြုလုပ်ခဲ့သည့် ထောက်ပို့ တော်လှန်နွေဦးသင်္ကြန်ပွဲမှ အလှူငွေ ကျပ်သိန်း ၇၀၀၀ ခန့် ရရှိခဲ့ကြောင်း ပွဲဖြစ်မြောက်ရေး စီစဉ် သူများထံမှ သိရသည်။
  • အီတလီနိုင်ငံ Dolomites တောင်တန်းများရှိရာ Auronzo di Cadore မြိုတွင် ဒေသမြန်မာမိသားစုများက ဦးစီးကာ မြန်မာနိုင်ငံ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအရေးကြိုးပမ်းမှု အစီအစဥ်များ ဇွန်လ ၁ ရက် နှင့် ၂ ရက်နေ့များတွင် ဆက်တိုက် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ပြည်သူ ၅၀ ကျော်ကို လက်ပြန် ကြိုးတုပ်၊ နေပူလှန်း၊ အစာမကျွေးဘဲ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်ကို လက်စားချေ တုန့်ပြန် မည်ဟု ရက္ခိုင်အမျိုးသားအဖွဲချုပ် (ULA/AA) က ဇွန် ၂ ရက်တွင် ထုတ်ပြန်သည်။
  • ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက်အနီး AA နှင့် အကြမ်းဖက် စစ်တပ်တို့ ဇွန်လ ၂ ရက်၊ ညနေ ၄ နာရီခန့်မှ စတင်ကာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေကြောင်း ဒေသခံပြည်သူများက ပြောသည်။
  • ချင်းပြည်နယ်၊ တီးတိန်မြို့တွင် စစ်ကောင်စီတပ် နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဆက် လက်ဖြစ်ပွားနေပြီး ဇွန်လ ၂ ရက်၊ ညပိုင်းတွင် နေအိမ်များ မီးရှို့ခံခဲ့ရကြောင်း PDF-Zoland တပ်ဖွဲ့ထံမှ သိရသည်။
  • ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်၊ ကျည်ဆံများ နှင့်အတူ အလင်းဝင်လာသည့် အကြမ်း ဖက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ငွေကျပ်အသီးသီးပေးအပ်ခဲ့သည်ဟု CNDF ထံမှ သိရသည်။
  • စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း နှင့် KNLA တော်လှန်ရေး ပူးပေါင်းတပ်တို့ ဇွန်လ ၂ ရက်၊ ညနေ ၃ နာရီခန့်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသည့် သင်္ဃန်းညီနောင်ဗျူဟာကို စစ်ကောင်စီထံ ပြန်လည်မပေးရရေး စုပေါင်းပါဝင်ရန် KNLA စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက ပြောသည်။
  • KNU ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ညောင်လေးပင်ခရိုင် (ခလယ်လွီထူခရိုင်)၊ လယ်ဒိုမြို့နယ် နှင့် ဆောထိမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူတစ်ဦး သေဆုံး ပြီး နေအိမ် ၅ လုံး နှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့ရကြောင်း KNU တပ်မဟာ ၃ က ယနေ့ ထုတ်ပြန်ထားသည်။
  • ကော်သူးလေအာမီ(KTLA)ဌာနချုပ်တွင် သတင်းထုတ်ပြန်ရေး နှင့် စီမံခန့်ခွဲမှုများ လုပ်ဆောင်နေသည့် ဒုတိယ ရုံးထိုင်မှူးချုပ် ဗိုလ်ကြီး စောအင်္ဂလိပ်(ခ) စောဝါးနေမူးက လက်နက် ၃၀ ကျော်နှင့် လက်အောက်ခံလူများ ခေါ်ဆောင်သွားပြီး BGF ထံတွင် ခိုလှုံပူးပေါင်းသွားခြင်းကြောင့် ရာထူးက ထုတ်ပယ်လိုက်သည်ဟု KTLA က ယနေ့ ထုတ်ပြန်လိုက်သည်။
  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာ၌ ဖြစ်ပွားခဲ့သည့် ဒေသခံအရပ်သားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အနေဖြင့် ပါဝင်ပတ်သက်မှု မရှိဟု ALP ပါတီ စည်းရုံးရေးဌာနမှ ခိုင်အောင်နိုင်က ပြောသည်။

စစ်ကောင်စီ

  • ပြည်တွင်းတွင် ရွှေစျေးနှုန်းများ မြင့်တက်အောင် ပြုလုပ်သည်ဟုဆိုကာ အောင်သမာဓိရွှေဆိုင် ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင် နှင့် အကယ်ဒမီရွှေသန့်စင်လုပ်ငန်း အပါအဝင် ရွှေဆိုင်ပိုင်ရှင် နှင့်ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ယနေ့ ဇွန်လ ၂ ရက်၊ ညပိုင်းက ဖမ်း၀ရမ်းထုတ်ပြန်လိုက်သည်။
  • ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် အခွန်လျော့ပါးစေရန် ရည်ရွယ်ချက်ဖြင့် စာရင်းများကို လိမ်လည်ပြုစုတင် ပြလာခြင်းများကို စိစစ်တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံအလုပ်သမား ဝန်ကြီးဌာနက သိရသည်။
  • ဇွန်လ ၁ ရက်မှစတင်၍ MIC ခွင့်ပြုချက်ဖြင့် ပြည်တွင်း၌ထုတ်လုပ်ရန် SKD နှင့် CKD စနစ်တိုနှင့် တင်သွင်းမည့် လောင်စာဆီသုံးယာဉ်များအား အမျိုးအစားအပေါ်မူတည်ကာ လက်ရှိ အကောက်ခွန်နှုန်းထက် ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချသတ်မှတ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဖြင့် ထုတ်ပြန်ကြေညာထားသည်။
  • ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်ကို ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေးအတွက် ကြိုတင် ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်သည်ဟု သိရသည်။
  • နိုင်ငံအနှံ့အပြားတွင် မိုးအလွန်အကျွံရွာသွန်းမှု နှင့်  မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန် များတွင် ရေကြီးနစ် မြုပ်မှုများ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရန် နှင့် ဆုံးရှုးမှုလျော့နည်း စေရေးတို့ အတွက် လိုက်နာဆောင်ရွက်ရန် လိုအပ်မှုများကို စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက သတိပေး နှိုးဆော်ချက် ထုတ်ပြန် လိုက်သည်။
  • မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ မစောတံတား ရာနှုန်းပြည့် ပြင်ဆင်ပြီးစီးသွားပြီဖြစ်ကာ လာမည့် ရက်ပိုင်းအတွင်း ကုန်တင်ကားကြီးများကို စတင်ဖြတ်သန်းခွင့်ပြုရန် လက်စသတ် ပြင်ဆင်လျက် ရှိ ကြောင်း စစ်ကောင်စီ မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ဇွန် ၃ ရက် သုံးသပ်ချက်

  • စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အလွဲအမှားများကြောင့် စီးပွားရေးကျဆင်းပြီး မြန်မာငွေတန်ဖိုး ကျဆင်းခြင်း ဘတ်ဂျက်လိုငွေပြခြင်း ရွှေဈေး နှင့် ဒေါ်လာဈေးများ အဆမတန်မြင့်တက်ခြင်းများသည် စီးပွားရေးဈေး ကစားခြင်းကြောင့်ဖြစ်သည်ဟုဆိုကာ နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်များ နှင့် ရွှေကုန်သည်များကို ဖမ်းဝရမ်းထုတ်ခြင်းသည် ခုတ်ရာတခြား ရှရာတခြားဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။