ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာချင်းဆက်လမ်းများကို ဖျက်ဆီး

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာချင်းဆက်လမ်းများကို ဖျက်ဆီး

ဖျက်ဆီးခံလိုက်ရသည့် လမ်းပိုင်းများ (ဓါတ်ပုံ- တောကျီးကန်းစစ်ကြောင်း)

YT (မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဒေါက်ရပ် – ခဲမောက် ကျေးရွာချင်းဆက်လမ်းပိုင်းနှင့် ခဲမောက်-ရွှေရောင်ပြ ကျေးရွာချင်းဆက်လမ်းပိုင်းတို့အား စစ်ကောင်စီတပ်က မြေတူးစက်ဖြင့် လာရောက် ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။


အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းတွင် အင်အား ၃၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ ရောက်လာကာ မြေတူးစက်နှစ်စီးဖြင့် အဆိုပါ ကျေးရွာချင်းဆက်လမ်းနှစ်ခုအား အကျယ်ခြောက်ပေနီးပါးစီ ဖျက်ဆီးသွား ခြင်းဖြစ်သည်။
“သူတို့စိတ်ထဲမှာ ဒေါက်ရပ်ရွာထဲကနေ တော်လှန်ရေးသမားတွေ ထွက်လာပြီး သူတို့ကို တိုက်တယ်လို့ ထင်နေတာလေ၊ အဲဒါကြောင့်ပဲ ဒီလမ်းကိုဖျက်တာပေါ့။ ဒီလမ်းကို ပြည်သူတွေပဲ အဓိကသုံးတာပါဗျာ။ အခုဟာက လမ်းကိုဖျက်သွားတာ လူတယောက်ဝင်အိပ်လို့ရနေပြီ၊ အကျယ်က ခြောက်ပေလောက် ရှိ မယ်” ဟု ဘီးလင်းမြို့နယ်မှ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။


လမ်းဖျက်ဆီးစဉ်အတွင်း ဇီးဝန်းအခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ(၃၁၄) မှ လက်နက်ကြီး များဖြင့် ဒေါက်ရပ်ကျေးရွာဘက်သို့ ပစ်ခတ်ခဲ့ပြီး လမ်းလာရောက်ဖျက်ဆီးသည့် စစ်ကောင်စီတပ်သား များကလည်း ကျေးရွာများဘက်သို့ ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တဦး ထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အား ဆက်သွယ်ထားသော ဇီးဝန်းကျေးရွာ၊ ဇီးဝန်းဘုရားအနီးရှိ လမ်းမကြီးအား စစ်ကောင်စီတပ်သား ၃၀ ခန့်က လုံခြုံရေးယူ၍ မြေတူးစက်များဖြင့် ဖျက်ဆီးသွားခဲ့သေးသည်။


ယခုနှစ် မေလအတွင်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်းပိုင်း ခြောက်နေရာ၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ရှိ လမ်းပိုင်းအချို့နှင့် ဩဂုတ်လအတွင်းတွင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ရှမ်းရွာမြောက်ပိုင်း၊ ရွှေကျင်- ကျောက်ကြီးကားလမ်း စသည့်လမ်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့က မြေတူးစက်ဖြင့် တူးဆွဖျက်ဆီးခဲ့သေးသည်။


စစ်ကောင်စီတပ်ဖွဲ့က မြေတူးစက်ဖြင့် တူးဆွဖျက်ဆီးသွားသည့် လမ်းပိုင်းများသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ နယ်မြေသက်မှတ်ချက်အရ တပ်မဟာ (၁) နယ်မြေ၊ တပ်မဟာ (၆) နယ်မြေနှင့် တပ်မဟာ (၃) နယ်မြေများအတွင်း ပါဝင်သည်။


KNU နယ်မြေများတွင် စစ်ကောင်စီတပ်၊ ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) များနှင့် နယ်မြေခံ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ