ညောင်လေးပင်ရှိ စစ်ကောင်စီတပ် အထိုင်ချနေရာ ၃ ခုကို ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက် ၁၀ ဦးသေဆုံး

ဓါတ်ပုံ- မီးနဂါးစစ်ကြောင်း

ဓါတ်ပုံ- မီးနဂါးစစ်ကြောင်း

YT

(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ​၏ အထိုင်ချနေရာ သုံးခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း မီးနဂါးစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ညောင်လေးပင်- မဒေါက် လမ်းပေါ်ရှိ တာပြတ် စစ်ကောင်စီဂိတ်စခန်းနှင့် စစ်ကောင်စီတပ် အထိုင်ချထားသည့် ပုဇွန်မြောင်းကျေးရွာ ဆွဲဒလွဲပိုင်းရှိဘုန်းကြီးကျောင်းနှင့် ရေကြည်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီတပ်ဖွဲ့တို့ကို KNLA၊ PDF ပူးပေါင်းတပ်များက ယမန်နေ့ (ဇွန်လ ၁၉ ရက်) တရက်အတွင်း သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

တာပြတ်ဂိတ်စခန်း တိုက်ခိုက်မှုတွင် ဂိတ်အတွင်းရှိ စစ်ကောင်စီတပ်သားများက ပြန်လည်ပစ်ခတ်၍ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီခွဲခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ငါးဦးသေဆုံး၍ နှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲအတွင်း KNLA၊ PDF ဘက်တွင်လည်း ရဲဘော်တဦး ကျဆုံး၍ တဦး ဒဏ်ရာရခဲ့သည်ဟု မီးနဂါးစစ်ကြောင်းက ဆိုသည်။

အလားတူ ပုဇွန်မြောင်းရွာရှိ ဆွဲဒလွဲဘုန်းကြီးကျောင်းနှင့် ရေကြည်ချောင်းရွာ ဘုန်းကြီးကျောင်းရှိ စကစတပ်ဖွဲ့တို့ကို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ငါးဦး သေဆုံးခဲ့ကြောင်း မီးနဂါးစစ်ကြောင်း​၏ ဖော်ပြချက်အရ သိရသည်။

” တိုက်တာ နေရာအစုံပဲ။ ပုဇွန်မြောင်းရွာက ဘုန်းကြီးကျောင်းနဲ့ ရေကြည်ချောင်းက ဘုန်းကြီးကျောင်းနဲ့ မဒေါက်လမ်းက စခန်း။ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်တယ်။ နှစ်ဖက်အထိအခိုက် ရှိတယ်နော်” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ယမန်နေ့တွင် ပုဇွန်မြောင်းရွာ၊ ဈေးပိုင်းရှိ စစ်ကောင်စီတပ်အထိုင်ချရာ ဂိတ်စခန်းနေရာကို မီးနဂါးစစ်ကြောင်းမှ ရဲဘော်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းရှိကြောင်း အဆိုပါစစ်ကြောင်း​၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပုဇွန်မြောင်းရွာနှင့် ရေကြည်ချောင်းရွာမှ ဒေသခံအများစုသည် စစ်ကောင်စီ​၏ ရွာအတွင်းတပ်စွဲ၍ လက်နက်ကြီးပစ်ခတ်မှု၊ နေအိမ်များ မီးရှို့မှုတို့ကြောင့် ကျေးရွာကို စွန့်ခွာခဲ့ကြသည်မှာ တနှစ်ကျော်ပြီဖြစ်ပြီး စစ်ကောင်စီကသာ ရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ လမ်းဆုံတို့တွင် အထိုင်ချလျက်ရှိကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)