စစ်ကောင်စီကြောင့် ထွက်ပေါက်ပိတ်လာတဲ့ လူငယ်များ

ပုံအညွှန်း- ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ- ပုံဟောင်း)

ပုံအညွှန်း- ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ- ပုံဟောင်း)

(မဇ္ဈိမ)

စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် လူငယ်များသည် စစ်ကောင်စီ လက်အောက်တွင် စစ်မှုထမ်းရမည်ကို ရှောင်ရှားရန် နည်းလမ်းပေါင်းစုံ ရှာဖွေလာကြသည်။ လူငယ်အချို့ က စစ်ကောင်စီအတွက် စစ်တိုက်ပေးရမည်အစား တော်လှန်ရေးအဖွဲ့တွင် စစ်တိုက်ရန် ရွေးချယ်ကြသည်။

လက်နက်ကိုင်ခြင်းကိုရှောင်ဖယ်ကာ နိုင်ငံပြင်ပသို့ ထွက် အလုပ်လုပ်ကိုင်ရန် ရွေးချယ်ကြသည့် လူငယ်များလည်းရှိလာသည်။

စစ်ကောင်စီကလည်း ရပ်ကွက်၊ကျေးရွာ အသီးသီးရှိ လူငယ်များကို စုဆောင်းကာ စစ်မှုထမ်း ဒုတိယသုတ်အတွက် ခေါ်ယူပြီးဖြစ်သည်။

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီ၏ ဆောင်ရွက်မှုများ

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအပေါ် ကုန်စျေးနှုန်းမြင့်တက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာခြင်းတို့က ထပ်ပေါင်းဖြည့်လိုက်သော အခါ လူငယ်များသည် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ရန်သာ ကြိုးစားလာကြသည်။ သို့သော် ထိုလူငယ်များကိုလည်း စစ်ကောင်စီက အမိန့်၊ဥပဒေများဖြင့် ထိန်းချုပ်ဖိအားပေးလာသည်။

စစ်ကောင်စီလက်အောင်ခံ အလုပ်သမား အလုပ်သမား ဝန်ကြီးဌာနက ဧပြီလ ၃၀ရက်တွင် ပြုလုပ်သည့် အေဂျင်စီအစည်းအဝေးတွင် မေလ ၁ရက်နေ့မှ စတင်၍ အမျိုးသားများ အလုပ်ခေါ်စာတင်ခြင်းကို ယာယီရပ်ဆိုင်းမည်ဟု ပြောကြားခဲ့သည်။ ထိုသတင်းသည် ပြည်ပထွက်အလုပ်လုပ်ကိုင်ရန် ကြိုးစားနေကြသည့် လူငယ်များနှင့် သူတို့၏ အသိုင်းအဝိုင်းအပေါ် များစွာပူပန်မှုဖြစ်စေခဲ့သည်။ မေလ၁၀ရက်နေ့တွင်မူ အလုပ်ခေါ်စာများ ပြန်လည်လက်ခံပေးကြောင်းနှင့် အလုပ်ခေါ်စာဖြင့် ပြည်ပစေလွှတ်မည့် အမျိုးသား၊ အမျိုးသမီးများ၏ ကိုယ်ရေးအချက်အလက်များကို ကြည့်၍ စိစစ်လက်ခံမည်ဟု ထပ်မံ သတင်းထုတ်ပြန်ခဲ့ဖြစ်သည်။

တဆက်တည်းတွင် စစ်ကောင်စီက စစ်မှုထမ်းရန် စာရင်းပါပြီးသူ လူငယ်အမျိုးသားများကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်ထားကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူအချို့ကပြောကြားထားသည်။

ပြည်ပအလုပ်လုပ်ခွင့် ပြန်လည်ခွင့်ပြုပေးနေသည်ဆို၍ အတန်ငယ်စိတ်အေးရသော်လည်း ကိုယ်ရေးအချက်အလက်များ စိစစ်မည်ဆို၍ လူငယ်များမှာ စိတ်ဒုန်းဒုန်းမချနိုင်ဘဲ ပူပန်နေရဆဲပင်။

ထို့ပြင် အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်မှတဆင့် ဝင်ထွက်သွားလာနိုင်ရေး UID ကတ်လိုအပ်ကြောင်းထုတ်ပြန်လိုက်သည်။ UID ကတ်ကို ကိုယ်ရေးအချက်အလက်များ၊ ဇီဝ အချက်အလက်များ ကောက်ယူကာ မှတ်ပုံတင်ထားခြင်းဖြစ်သည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်လူငယ်များအတွက် UID ကတ်သည် အကန့်အသက်ဖြစ်စေပြီး ကိုယ်ရေးအချက်အလက်အသေးစိတ်ကိုလည်း စစ်ကောင်စီက အလွယ်တကူသိရှိစေနိုင်မည်ဖြစ်သည်။

ယခင်က မှတ်ပုံတင်ဖြင့် အိမ်နီးခြင်းနိုင်ငံများသို့ သွားရောက်ပြီးနောက် တရားမဝင်နေထိုင်သူအဖြစ် ခံယူကာ အလုပ်လုပ်ကိုင်သူများရှိသည်။ UID ကတ် စတင်ဆောင်ရွက်ပြီးသည့်နောက်တွင် ထိုသူများ၏ ကိုယ်ရေးအချက်အလက် အတိအကျသည် စစ်ကောင်စီလက်ထဲတွင်ရှိနေမည်ဖြစ်သည်။

ငွေကြေးအသင့်အတင့်တက်နိုင်သူများ လက်လှမ်းမှီသည့် ထိုင်းနိုင်ငံတွင် Education Visa ဖြင့် သွားရောက်နေထိုင်သည့် လူငယ်များသည်လည်း လက်ရှိတွင် အခက်အခဲဖြင့်ရင်ဆိုင်ကြုံတွေ့နေရသည်။

ထိုင်းနိုင်ငံသို့ Tourist Visa နှစ်လနေထိုင်ခွင့်ဖြင့် ရောက်လာသည့် လူငယ် အသိမိတ်ဆွေသည် လက်ရှိတွင် Education Visa ပြောင်းလဲရာတွင် အဆင်မပြေသေးချေ။ Tourist Visa ဖြင့် ထိုင်းနိုင်ငံသို့လာရောက်ပြီးနောက် Education Visa သို့ ပြောင်းလဲခွင့်မရှိဘဲ မြန်မာနိုင်ငံတွင်းမှသာ Education Visa တခါတည်းလျှောက်လာရမည်ဟု ထိုင်းလဝကက ပြောဆိုကြောင်း ထိုလူငယ်ကပြောသည်။ သို့သော် နေရာအချို့တွင်လည်း ED Visa လျောက်ထား၍ ရနေသည်။

မြန်မာနိုင်ငံသား လူငယ်အမျိုးသားများအား ထိုင်နိုင်ငံတွင် နေထိုင်ခွင့် ကန့်သတ်ရန် စစ်ကောင်စီက ထိုင်းအစိုးရထံ ပြောဆိုထားကြောင်း တချို့က ယုံကြည်နေသည်။ သို့သော် ထိုင်းအစိုးရက ထိုသို့ ကန့်သတ်မှုများမရှိကြောင်း Education Visa ဝန်ဆောင်မှုပေးနေသူများက ပြောဆိုထားသည်။

အမျိုးသမီးများအပေါ် သက်ရောက်လာတဲ့ စစ်ကောင်စီဥပဒေ

စစ်မှုထမ်းဥပဒေသည် ငါးကြိမ်မြောက်တွင်မှသာ အမျိုးသမီးများကို ခေါ်ယူမည်ဖြစ်ပြီး အိမ်ထောင်သည် အမျိုးသမီးများကို ခေါ်ယူမည်မဟုတ်ဟု ကြေညာထားသည်။ သို့သော် အိမ်ထောင်သည် အမျိုးသမီးများ၊ စစ်မှုထမ်းရန်သတ်မှတ် အသက်အပိုင်းခြားကို ကျော်လွန်နေပြီဖြစ်သည့် အမျိုးသမီးများမှာလည်း ပူပန်မှုရှိနေသည်။ ၎င်းတို့၏ အမျိုးသားနှင့် စစ်မှုထမ်းရမည့် သတ်မှတ်ထားသည့် အသက်အပိုင်းခြားသို့ ရောက်ရှိလုနီး သို့ ရောက်နေသည့် သားသမီးများအတွက် ပူပန်နေရသည်။ ထိုအမျိုးသားနှင့် သားသမီးများ ဝင်ငွေကို အဓိက အားထားနေရလျှင် သာ၍ပင်ဆိုးတော့သည်။ စစ်ကောင်စီက စစ်မှုထမ်းမည့်သူများကို လစာပေးမည်ဆိုသော်လည်း ထိုလစာသည် အမှန်တကယ် ရရှိမှု ရှိ၊ မရှိကို မစုံစမ်းနိုင်သေးပေ။ အိမ်ထောင်သည် မဟုတ်သူ အမျိုးသမီးများမှာလည်း ၎င်းတို့၏ ချစ်သူရည်းစား၊ မိတ်ဆွေသူငယ်ချင်းများနှင့် အကို၊မောင်များ အတွက် ပူပန်နေရသည်။

ပုံအညွှန်း- (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားမှ စစ်ကောင်စီတပ်သားများ (ဓာတ်ပုံ- စစ်ကောင်စီ )

စစ်မှုထမ်းဥပဒေကြောင့် သတ်သေမှုများ

စစ်မှုထမ်းရန် အသက်အကျုံးဝင်သူများကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက စာရင်းပြုစုပြီးနောက် မဲစာရင်း ပြုလုပ်ကာ မဲနှိုက်ရွေးချယ်သည့် စနစ်ကို ဒေသ အများစုတွင် အသုံးပြုကြသည်။ ထို့စနစ်နှင့်အတူ စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်များသည် ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် ဖြစ်စဥ်များလည်းရှိလာသည်။ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်၊ဖျာပုံမြို့နယ်၊ ပဲခူးတိုင်း တောင်ငူမြို့နယ် မှ လူငယ် သုံးဦးသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြသည်။ ရခိုင်ပြည်နယ်မှ လူငယ်တဦးသည်လည်း စစ်မှုထမ်းရမည်ကို ကြောက်လန့်တိမ်းရှောင်ရာမှ ရေနစ်သေဆုံးခဲ့သည်။
အလားတူ စစ်မှုထမ်းဥပဒေကို သက်သွင်းရန် ကြိုးစားကြသည့် ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူ ၂၀ ဝန်းကျင်သည် သတ်ဖြတ်ခံခဲ့ရသည်ဟု သတင်းဖော်ပြမှုများ ရှိလာသည်။
လက်တွေ့မြေပြင်တွင်လည်း ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီ၏ ဖိအားပေး လူစုဆောင်းခိုင်းခြင်းကို ကြုံတွေ့နေရပြီး ထိုဖိအားကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး သတ်သေသည့် ဖြစ်စဥ်သည် ဧရာဝတီတိုင်း ငပုတောမြို့နယ်တွင် မေလ တတိယပတ်က ဖြစ်ပွားခဲ့သည်။

စစ်မှုထမ်းဥပဒေ ဖော်ဆောင်နေပုံ

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (မူကြမ်း) ရေးဆွဲထားပြီး အတည်ပြုနိုင်ရေးကြိုးစားနေဆဲဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထိုမူကြမ်းကို စိစစ်သုံးသပ်နေဆဲဖြစ်ပြီး မူကြမ်းပါ ကြိုတင်ဆောင်ရွက်၍ ရသည့် လုပ်ငန်းစဥ်များက သက်ဆိုင်ရာ ပြည်သူ့စစ်မှုထမ်းခေါ်ဆောင်ရေး အဖွဲ့များထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လုပ်ငန်းစဥ် အရ သက်ဆိုင်ရာ စစ်မှုထမ်းရန်ခေါ်ယူလိုသည့် လူအင်အားအရေအတွက်နှင့် ကိုက်ညီအောင် ကျေးရွာ ၊ရပ်ကွက်များတွင် လူဦးရေသတ်မှတ်ကာ စာရင်းကောက်ယူနေသည်ဟု စစ်ကောင်စီက ဆိုသည်။

ထွက်ပေါက်ပိတ်လာသည့် လူငယ်နှင့် လူလတ်ပိုင်းများ

စစ်မှုထမ်းစာရင်းပါသည့် လူငယ်များသည် ရပ်ရွာမှ ထွက်ပြေးတိမ်းရှောင်ကြသော်လည်း ကျန်ခဲ့သည့် မိသားစုဝင်များသည် စစ်ကောင်စီ လက်အောက်ခံများ၏ ခြိမ်းခြောက်မှုကို ခံစားနေကြရသည်။ ငွေကြေးရှိ မိသားစု အချို့သည် စစ်မှုထမ်းပေးမည့်သူကို ငွေကြေးပေးကာ အစားထိုး စစ်မှုထမ်းခိုင်းခြင်း၊ သက်ဆိုင်ရာ စစ်ကောင်စီလက်အောက်ခံများကို လာဘ်ထိုးခြင်းများဖြင့်ရှောင်လွဲကြသည်။ ကျောင်းသား တချို့မှာလည်း စစ်မှုထမ်းရမည်ကို ရှောင်လွဲနိုင်ရန် စာမေးပွဲအကျခံလိုက်ကြသည်။ ထို့မှသာ ကျောင်းတက်နေဆဲ ဆိုသော အကြောင်းပြချက်ဖြင့် စစ်မှုထမ်းရန် ရှောင်လွဲနိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။ လူငယ်အချို့မှာလည်း အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် ဝင်ရောက်ကာ အလုပ်လုပ်ကိုင်ရန် ကြိုးစားလာကြသည်။ ထိုင်းမီဒီယာများတွင်လည်း မြန်မာနိုင်ငံသား ခိုးဝင်များ ဖမ်းမိကြောင်း လတိုင်းနီးမြင်တွေ့နေရသည်။ စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် အသက်သွင်းပြီးနောက် သုံးလကျော်အတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ဖမ်းမိသူ ဦးရေမှဦးရေ ၃၉၀၀ ကျော်ရှိပြီဟုလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများက ပြောကြားထားသည်။

ထွက်ပေါက်ပိတ်နေသည့် လူငယ်များသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို မည်သည့်နည်းဖြင့် ရှောင်လွဲမည် ဆိုသည်မှာမူ ကိုယ်ပိုင်ခံယူချက်နှင့် ကြုံတွေ့ရင်ဆိုင်နေရသည့် အခြေအနေများပေါ်တွင်သည် မူတည်နေတော့သည်။⁩

စာတည်း။ ။အောင်ကျော်ဖြိုး

Mizzima

စစ်မှုထမ်းဥပဒေ

လူငယ်

ပြည်ပအလုပ်အကိုင်