ပိုင်နက်ကျူးကျော်မှု ဥပဒေသစ်ကို တရုတ် ထုတ်ပြန်ချိန်တွင် ဖိလစ်ပိုင် က တောင်တရုတ်ပင်လယ် အတွင်း ကင်းလှည့်မှု တိုးမြှင့်

The Guardian

တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက်သော နိုင်ငံခြားသားများကို ပိုင်နက်ကျူးလွန်သူအဖြစ် စွပ်စွဲ၍ ဖမ်းဆီးရန် ကမ်းရိုးတန်းစောင့်တပ်အား အခွင့်အာဏာ ပေးသည့် တရုတ်စည်းမျဉ်းသစ် ထုတ်ပြန်ခြင်းမပြု မီ ဖိလစ်ပိုင်က အငြင်းပွားနေသော တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့်မှုများကို အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။

ဇွန် ၁၅ တွင် စတင်ကျင့်သုံးသည့် အဆိုပါ စည်းမျဉ်းသည် ကမ္ဘာ့စီးပွားရေးအရ အရေးအကြီးဆုံးနှင့် အသုံးပြုမှု အများဆုံး ကုန်သွယ်မှုလမ်းကြောင်းများထဲမှ တခုဖြစ်သည့် ရေကြောင်းပို့ဆောင်ရေးတွင် ပြိုင်ဆိုင်မှုများ ပြင်းထန်လာ၍ တင်းမာမှုများ တိုးလာသည်။

အသစ်ပြင်ဆင်ထားသော တရုတ် ဥပဒေများအရ တရုတ်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်လာသည်ဟု စွပ်စွဲခံရသည့် နိုင်ငံခြားသားများကို တရားမ၀င်ဘဲ ရက်ပေါင်း ၆၀ အထိ ထိန်းသိမ်းထားနိုင်သည်။

တရုတ်စည်းမျဉ်းသစ်သည် စိုးရိမ်ဖွယ်ရှိပြီး “အခြေအနေပိုမိုတင်းမာ” လာနိုင်ကြောင်း  ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ က ယခင်က ထုတ်ဖော်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသား တဦးကို အသက်ဆုံးရှုံးစေရန် ရည်ရွယ်လုပ်ဆောင်ပါက “စစ်ပွဲ ဖြစ်နိုင်ချေ” နှင့် အလွန်နီးစပ်ကြောင်း ၎င်း ကဆိုသည်။

တောင်တရုတ်ပင်လယ်၏ ၉၀ % နီးပါးကို တရုတ်က ပိုင်ဆိုင်ကြောင်း တောင်းဆိုမှုအား ဟိဂ်  ရှိ နိုင်ငံတကာခုံရုံးက ပယ်ချခဲ့သော်လည်း ဖိလစ်ပိုင် အပြင် ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့ကလည်း ထပ်တူတောင်းဆိုထားသည်။

ရေပိုင်နက်အတွင်း ထိပ်တိုက်ရင်ဆိုင်မှုများ တိုးလာသည်နှင့်အမျှ မရည်ရွယ်ဘဲ ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခ အန္တရာယ်များအပေါ် စိုးရိမ်မှုများရှိလာသည်။

ဖိလစ်ပိုင်ကမ်းရိုးတန်းစောင့်တပ်များအား တရုတ် ရေတပ်က ရေအမြောက်များဖြင့် ပတ်ခတ်ခြင်း နှင့်  သင်္ဘောများအား ပစ်ခတ်ခြင်း အပါအဝင် အန္တရာယ်ရှိသော အပြုအမူများဖြင့် နှောက်ယှက်ကြောင်း ဖိလစ်ပိုင်က အကြိမ်ကြိမ် စွပ်စွဲခဲ့သည်။ ယင်းဖြစ်ရပ်များနှင့် စပ်လျှင်း၍ ၎င်း၏ အများပိုင်ရေယာဉ်များ၊ လေယာဉ်များနှင့် လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် တောင်တရုတ်ပင်လယ်ရှိ ကမ်းရိုးတန်းစောင့်တပ်ကို လက်နက်ကိုင်တိုက်ခိုက်မှု ဖြစ်ပွားပါက မဟာမိတ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်အား ခုခံကာကွယ်မည်ဟု အမေရိကန်၏ သတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။

ငါးဖမ်းအဖွဲ့များမှ ကိုယ်စား လှယ်များသည် ပင်လယ်ပြင်တွင် ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်နေကြကြောင်း နှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ် မှီခိုနေရသဖြင့် ဆက်လက်လုပ်ဆောင်ရန် မှတပါး ရွေးချယ်စရာမရှိကြောင်း ဖိလစ်ပိုင်မီဒီယာများကို ယခုသီတင်းပတ်အတွင်း ပြောကြားသည်။

အဆိုပါစည်းမျဉ်းများသည် “ကမ်းရိုးတန်းစောင့်တပ်ဖွဲ့များ၏ စီမံအုပ်ချုပ်မှု တွင် ဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား စံပြုရန်နှင့် ပင်လယ်ပြင်တွင် စည်းကမ်းထိန်းသိမ်းရေးကို ပိုမိုကောင်းမွန်စေရန် ရည်ရွယ်” ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မြောင်နင်း က ဆိုပြီး “လူတဦးချင်းနှင့် အဖွဲ့အစည်းများသည် တရားမဝင် လုပ်ဆောင်မှုများ မလုပ်သရွေ့ စိုးရိမ်ရန် မလိုအပ်ကြောင်း” ၎င်း ကပြောသည်။  

စည်းမျဉ်းများ ထုတ်ပြန်ထားသော်လည်း ဖိလစ်ပိုင်သည် ကင်းလှည့်မှုများကို တိုးမြှင့်ထားကြောင်း ဖိလစ်ပိုင်ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ရိုင်း ဗင်ဆင့် ထရီနီဒက် က ဆိုသည်။ ဖိလစ်ပိုင်သည် အဆိုပါကိစ္စရပ်ကို တုံ့ပြန်ရာတွင် မိတ်ဖက်များ၊ မဟာမိတ်များနှင့်လည်း ပူးပေါင်း လုပ်ဆောင်နေကြောင်း ၎င်း က ပြောသည်။

“ကျွန်တော်တို့ တနိုင်ငံထဲ စိုးရိမ်တာ မဟုတ်ဘူး။ တခြားနိုင်ငံတွေလည်း အဲဒါကို စိုးရိမ်ကြတယ်” ဟု ထရီနီဒက်က ယခုသီတင်းပတ်တွင် ဒေသတွင်း မီဒီယာသို့ ပြောကြားသည်။

တရုတ်သင်္ဘောများ၏ နှောင့်ယှက်မှုကို ကာလရှည်ကြာ တိုင်ကြားခဲ့သော ဖိလစ်ပိုင် ငါးဖမ်းအသိုင်းအဝိုင်းများကို ဖမ်းဆီးမခံရစေရန် အဖွဲ့အစည်းများက လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားသည်။ “ဘာမှမဖြစ်နိုင်ပါဘူး။ ဖိလစ်ပိုင်ရေတပ်၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ ကမ်းရိုးတန်းစောင့်တပ်၊ ငါးလုပ်ငန်းနှင့် ရေနေအရင်းအမြစ်ဗျူရိုနှင့် ဖိလစ်ပိုင်အစိုးရ၏ အခြားသော ရေကြောင်းနှင့် သက်ဆိုင်သူများ အားလုံးက အဲ့ဒီ့ အခြေအနေကို တားဆီးနိုင်ဖို့ လုပ်ဆောင်နေကြတယ်” ဟု ၎င်း ကပြောသည်။

စည်းမျဉ်းအသစ်များသည် “ဥပဒေကို လက်နက်အဖြစ်အသုံးပြုခြင်း” ဖြစ်ကြောင်း S. Rajaratnam School of International Studies ၏ ကာကွယ်ရေးနှင့် မဟာဗျူဟာလေ့လာရေးအင်စတီကျုမှ အကြီးတန်းအဖွဲ့ဝင် ကောလင်းကိုး က ပြောကြားသည်။

“ဒါက ခြိမ်းခြောက်ဖို့ ရည်ရွယ်တာပါ”။ တရုတ်သည် ဖိလစ်ပိုင် ကဲ့သို့ နိုင်ငံများထက် ပိုကြီးသော ရေတပ်နှင့် ကမ်းခြေစောင့်တပ်ရှိကြောင်း သတိပေးရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားသည်။

သို့သော် ဥပဒေ စကားလုံး အသုံးအနှုန်းများမှာ မရှင်းလင်းကြောင်း ကိုး က ဆိုသည်။ ၂၀၂၁ တွင် စတင် ပြဋ္ဌာန်းခဲ့သော တရုတ် ကမ်းရိုးတန်းစောင့်ဥပဒေသည် “တရုတ်တရားစီရင်ပိုင်ခွင့်အောက်ရှိ ရေပိုင်နက်နယ်မြေများ” နှင့် သက်ဆိုင်သော်လည်း ယင်းကို ရှင်းရှင်းလင်းလင်း မသတ်မှတ်ထားပေ။ တရုတ်သည် ဖိလစ်ပိုင်နိုင်ငံသားများကို ပင်လယ်ပြင်တွင် အမှန်တကယ်ဖမ်းဆီးမည်ဆိုပါက ၎င်း  အတွက် သိသာထင်ရှားသော အန္တရာယ်များရှိလာမည်ဖြစ်ကြောင်း ကိုး က ဆိုသည်။

“လမ်းညွှန်ချက်သစ်အရ ကျူးကျော်သူ အဖြစ် ဖမ်းဆီးရန် ကြိုးစားရင်း ဖိလစ်ပိုင်ရေကြောင်းတပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး တစုံတယောက် အသက်ဆုံးရှုံးမယ်” ဆိုလျှင် ယင်းမှာ ဖိလစ်ပိုင် နှင့် အမေရိကန်ကြား နှစ်ဖက်ကာကွယ်ရေးသဘောတူစာချုပ် အရ တောင်းဆိုမှုများကို ဦးတည်သွားနိုင်ကြောင်း ကိုး ကပြောသည်။

“လမ်းညွှန်ချက်တွေကို ပြင်းပြင်းထန်ထန် စတင်ကျင့်သုံးတဲ့အခါ လက်နက်ကိုင်ပဋိပက္ခဖြစ်နိုင်ခြေက ပိုမြင့်လာတဲ့အတွက် ဒါဟာ ပြင်းထန်တဲ့အန္တရာယ်တစ်ခုပါ။”

အဆိုပါဥပဒေသစ်ကို ကျင့်သုံးခြင်းသည် တရုတ်အပေါ် တရားရေးဆိုင်ရာ စိန်ခေါ်မှုများအား အဆင့် မြှင့်တင်ရန် ဖိလစ်ပိုင်ကို တွန်းအားပေးနိုင်ကြောင်း ကိုး က ပြောကြားသည်။

ဖိလစ်ပိုင်ကမ်းရိုးတန်းနှင့် ရေမိုင် ၂၀၀ (၃၇၀ ကီလိုမီတာ) အကွာရှိပြီး သယံဇာတများကို ထုတ်ယူသုံးစွဲရန်နှင့် တည်ဆောက်ရန် အထူးအခွင့်အရေး ရှိသော သီးသန့်စီးပွားရေးဇုန်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်သည် ဆို၍ ဟိဂ် ရှိ အမြဲတမ်းအနုညာတခုံရုံးတွင် တရုတ်အား တရားရေးဆိုင်ရာ စိန်ခေါ်မှုအသစ်တရပ် တင်သွင်းရန် စဉ်းစားနေကြောင်း ဖိလစ်ပိုင်က ယခင်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင် ရှိ တရုတ်သံရုံးက မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိပေ။