တရုတ်ကို တဖက်သတ် အသာစီးရနေစေသည့် TikTok မှတဆင့် အမေရိကန်အပေါ် ခြိမ်းခြောက်မှု

Fox News Digital:-

အမေရိကန်ပြည်သူများ၏ အမြင်သဘောထားဆွေးနွေးပြောဆိုမှုများအတွင်းသို့ တရုတ်၏ စိမ့်ဝင်ထိုးဖောက်မှုသည် ဒီမိုကရေစီကို အနီးကပ် ခြိမ်းခြောက်လျက်ရှိပြီး မျက်မှောက်ခေတ်တွင် အမေရိကန် ကြုံတွေ့နေရသည့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အကြီးမားဆုံးပြဿနာတရပ်ဖြစ်ကြောင်း  တရုတ်အရေးကျွမ်းကျင်သူတဦးက ပြောကြားလိုက်သည်။ 

TikTok သည် နည်းပညာအရ စိုးရိမ်စရာ လူမှုမီဒီယာ ပြဿနာတရပ်သာမကဘဲ အမေရိကန်အပေါ် တရုတ်က တဖက်သတ် အသာစီးရနေစေသည့်အရာဖြစ်ကြောင်း ‘Countering China’s Great Game: A Strategy for American Dominance’ ဆိုသည့် စာအုပ်အသစ်ကို ရေးသားသူ မိုက်ကယ် ဆိုဘိုလစ်ခ်က Fox News Digital သတင်းဌာနသို့ ပြောကြားခဲ့သည်။ 

TikTok သည် အမေရိကန် ဒီမိုကရေစီအပေါ် တရုတ်ကွန်မြူနစ်ပါတီ၏ အနီးကပ်ဆုံး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်နိုင်သည်ဟု ၎င်းက ဆိုသည်။

အမေရိကန်ပြည်သူများ၏ သဘောထားအမြင်ဆွေးနွေးမှုများအတွင်းသို့ TikTok မှတဆင့် စိမ့်ဝင်ထိုးဖောက်နေသည့် တရုတ်၏ အခန်းကဏ္ဍသည် အမေရိကန်-တရုတ် ဆက်ဆံရေးတွင် အရေးအကြီးဆုံး ပြဿနာတရပ်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီက ထိန်းချုပ်ထားသည့် အက်ပ်လီကေးရှင်းတခုကို အမေရိကန်နိုင်ငံရှိ လူဦးရေ၏ ထက်ဝက်ခန့်က အသုံးပြုနေသည့်အတွက် တရုတ်အနေဖြင့် အများပြည်သူ့သဘောထားများကို ကြိုးကိုင်ခြယ်လှယ်ပြီး ဝါဒဖြန့်မှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ဆိုဘိုလစ်ခ်က ရှင်းပြသည်။ 

“ဒါက တကယ့်ပြဿနာကြီးတရပ်ပါ။ အမေရိကန်နိုင်ငံသား သန်း ၁၇၀ ဟာ TikTok လူမှုမီဒီယာကို အသုံးပြုနေကြပြီးတော့ သန်း ၁၅၀ ဟာ တနေ့ကို အနည်းဆုံး တစ်နာရီ ၎င်းကို အသုံးပြုကြပါတယ်။ အများစုက သတင်းကြည့်ဖို့ ဒီပလက်ဖောင်းကို အားကိုးနေကြတာပါ။ တရုတ်အစိုးရကလည်း ၎င်းရဲ့ အကျိုးအတွက် ဒီသတင်းတွေကို အသုံးချနေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးမူဝါဒကောင်စီရှိ အင်ဒို-ပစိဖိတ် လေ့လာရေးဌာနမှ အကြီးတန်းပညာရှင် ဆိုဘိုလစ်ခ်က ပြောကြားခဲ့သည်။

“TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ဟာ တရုတ်နိုင်ငံမှာ အခြေစိုက်တာကြောင့် တရုတ်ကွန်မြူနစ်ပါတီက TikTok ကို ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် တရုတ်အစိုးရက တောင်းဆိုရင် အမေရိကန် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ထုတ်ပေးတာ၊ အကြောင်းအရာတွေကို ဆင်ဆာဖြတ်တောက်တာ၊ လူသိများအောင် ဖြန့်ဝေတာတွေ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ တောင်းဆိုချက်ကို ငြင်းဆန်နိုင်တဲ့ အနေအထားမရှိပါဘူး။ အမေရိကန်သတင်းထောက်တွေ ကုမ္ပဏီထဲက ဘယ်သူတွေနဲ့ စကားပြောနေသလဲဆို ဖော်ထုတ်ဖို့ TikTok က ထောက်လှမ်းခဲ့တဲ့ အထောက်အထား စာရွက်စာတမ်းတွေ ထွက်ရှိထားပြီးလည်း ဖြစ်ပါတယ်။ ByteDance ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အကျိုးကို မြှင့်တင်ဖို့ တရုတ်အစိုးရနဲ့ ပူးဆောင်းဆောင်ရွက်ရေး သန္နိဋ္ဌာန်ချထားပြီးလည်းဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

TikTok ကို အမေရိကန်တွင် ပိတ်ပင်ရန် သို့မဟုတ် ကုမ္ပဏီကို တရုတ်နိုင်ငံပြင်ပရှိ လုပ်ငန်းတခုထံသို့ ရောင်းချရေး ဖိအားပေးရန် အမေရိကန်လွှတ်တော်အမတ်များက လွန်ခဲ့သည့် လပေါင်းများစွာ ဆွေးနွေးခဲ့ကြသည်။ လူသုံးများသည့် လူမှုမီဒီယာကို ပိတ်ပင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေကြောင်း ရီပါပလစ်ကန်ဘက်က တင်သွင်းသည့် ဉပဒေကြမ်းများကို ကန့်ကွက်သူများက ပြောကြားထားသည်။ 

အဆိုပါ အယူအဆကို ဆိုလိုလစ်ခ်က ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။ 

“အခုဆိုရင် အမေရိကန် ပြည်သူတွေရဲ့ သဘောထားအမြင်ကို ကြိုးကိုင်ခြယ်လှယ်နိုင်မယ့် ကောင်းဆုံးစွမ်းရည်တွေထဲကတခုကို တရုတ်က ပိုင်ဆိုင်ထားပါတယ်။ ဒါက ခါးသီးတဲ့ အမှန်တရားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတိုင်းကို ကျောချမ်းစေမယ့်အရာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“အမေရိကန်ဟာ သတင်းအချက်အလက်နယ်ပယ်မှာ ခေါင်းကို သေနတ်နဲ့ချိန်ထားသလို နေ့စဉ် ခြိမ်းခြောက်ခံရပါတယ်။ ဒီကိစ္စကို ဂရုတစိုက်နဲ့ ချက်ခြင်း ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ ဒါက နိုင်ငံတော် လုံခြုံရေးပြဿနာဖြစ်ပါတယ်။ မျက်မှောက်ကာလမှာ မိမိတို့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေထဲမှာ ပါပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

 TikTok ကို တားမြစ်ပိတ်ပင်ရန် သို့မဟုတ် ဖြိုခွင်းရန် အမေရိကန်လွှတ်တော်တွင် နိုင်ငံရေးအရ အဖြစ်မနေ ဆောင်ရွက်လိုသည့်သဘောထား ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အဆိုပါ မေးခွန်းသည် အမေရိကန်အတွက် အကြီးမားဆုံးစမ်းသပ်မှုတခုဖြစ်သည်ဟု ယုံကြည်ကြောင်း ဆိုဘိုလစ်ခ်က Fox News Digital သတင်းသို့ ပြောကြားခဲ့သည်။ “TikTok ကို တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုအောက်က လွတ်အောင် မဆောင်ရွက်နိုင်ဘူးဆိုရင် အမေရိကန်အတွက် ပြဿနာတွေ ပိုကြီးထွားလာစေမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

TikTok ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူကမူ “TokTok ဟာ တရုတ်အစိုးရရဲ့ လက်ကိုင်တုတ်ဖြစ်တယ်ဆိုတာ အထောက်အထား ခိုင်ခိုင်မာမာမရှိဘဲ ပြည်ပသတင်းဌာနအများအပြားက ပြောဆိုနေကြတာဖြစ်ပါတယ်။ တကယ်တော့ TikTok ကို ပိတ်ပင်မယ့် ဥပဒေကြမ်းဟာ အမေရိကန်ပြည်သူ သန်း ၁၇၀ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတွေကို ချိုးဖောက်ရာရောက်ပြီး နိုင်ငံတဝှမ်းက အသေးစားစီးပွားရေးလုပ်ငန်း ၇ သန်းလောက်ကို ထိခိုက်ပျက်စီးစေမှာဖြစ်ပါတယ်” ဟု Fox News Digital သတင်းဌာနသို့ ပြောကြားခဲ့သည်။