၂ လကျော်ကြာကောက်ယူခြင်းမရှိသည့် စစ်ကောင်စီတပ်မှအလောင်းများကို တော်လှန်ရေးတပ်ဖွဲ့ မီးသင်္ဂြိုဟ်

ပုံအညွှန်း- စစ်ကောင်စီတပ်သား၏ ရုပ်အလောင်းကို မီးသင်္ဂြိုလ်ရန် သယ်ဆောင်စဉ် (ပျားစစ်ကြောင်း)

ပုံအညွှန်း- စစ်ကောင်စီတပ်သား၏ ရုပ်အလောင်းကို မီးသင်္ဂြိုလ်ရန် သယ်ဆောင်စဉ် (ပျားစစ်ကြောင်း)

ဂျူချန်း

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ဧပြီလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲတခု၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် PNO ပြည်သူ့စစ်များ၏ ရုပ်အလောင်း ၂၀ ကျော်ကို လာ ရောက်ကောက်ယူခြင်းမရှိသဖြင့် ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းအထူးစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်း မီးသင်္ဂြိုဟ်ပေးခဲ့ရကြောင်း သိရသည်။

“အရမ်းနံနေတော့ သေချာမမှတ်ရဘူး။ အယောက် ၂၀ ကျော်လောက်ရှိမယ်။ PNO တွေလည်းပါတယ်” ဟု ပျားစစ်ကြောင်းတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်နှင့် ရေပူရွာကြား၌ စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၄၀ ကျော်သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၂၀ ကျော်၏အလောင်းများကို နှစ်လကျော်ကြာသည်အထိ လာရောက်ကောက်ယူခြင်းမရှိ၍ ပူးပေါင်းအဖွဲ့မှ ဇွန်လ ၁၆ ရက်နေ့တွင် မီးရှို့သင်္ဂြိုဟ်ပေးခဲ့ရခြင်းဖြစ်ကြောင်း ပျားစစ်ကြောင်းက ရုပ်သံနှင့် တကွ ထုတ်ပြန်ထားသည်။

ပုံအညွှန်း- စစ်ကောင်စီတပ်သား၏ ရုပ်အလောင်းကို မီးသင်္ဂြိုလ်ရန် သယ်ဆောင်စဉ် (ပျားစစ်ကြောင်း)

“တိုက်ပွဲဖြစ်ပြီးတည်းက ‌အခုချိန်ထိ အလောင်းလာမကောက်ရဲတဲ့အတွက် ဒီတိုင်းပစ်ထားခဲ့တာဗျ။ နောက်ဆုံးတိုက်ပွဲကတော့ ဧပြီလ ၁၃ ရက်နေ့က ညောင်လေးပင်တိုက်ပွဲပါ။ လက်ရှိကတော့ စစ်ကောင်စီ တပ်အနေနဲ့ စစ်ကြောင်းထိုးလာတာမျိုး မရှိသေးပါဘူး” ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ဧပြီလ ၁၃ ရက်နေ့က ညောင်ရွှေမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲသည့် ညောင်လေးပင်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့မှ ၄၀ ကျော်သေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်ငါးဦးကျဆုံးခဲ့ရကြောင်း သိရ သည်။

စာတည်း။ ။စောဖေ