မင်္ဂလာဒုံတွင် ရပ်ထားသည့် မော်တော်ယာဉ်များပေါ် ဓာတ်ကြိုးပြတ်ကျ၍ ကလေးငယ်အပါ သုံးဦး သေဆုံး

ပုံအညွှန်း − မင်္ဂလာဒုံမြို့နယ်အတွင်း လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် လောင်ကျွမ်းသွားသည့် မော်တော်ယာဉ်နှစ်စီး၊ ဓာတ်ပုံ − ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်

ရွှေနွယ်

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာရပ်ကွက်အတွင်း ယနေ့ (ဇွန်လ ၁၇ ရက်) နံနက် ၈ နာရီအချိန်ခန့်က ရပ်နားထားသော မော်တော်ယာဉ်နှစ်စီး ပေါ်သို့ ဓာတ်ကြိုးပြတ်ကျသဖြင့် မီးလောင်ကျွမ်းကာ အသက် သုံးနှစ်အရွယ် ကလေးငယ်တဦးအပါအဝင် လူသုံးဦး သေဆုံးခဲ့သည်။

ထော်လာဂျီတစီးနှင့် သဲများတင်ဆောင်ထားသော ဖောကားတစီးတို့သည် ၎င်းတို့လုပ်ငန်းဆောင်တာများလုပ်ဆောင်ရန် လမ်းဘေး၌ ရပ်နားထားစဉ် အပေါ်၌ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားဖြန့်ဝေရေးဓာတ်ကြိုးသည် ကားများပေါ်သို့ ပြတ်ကျပြီးနောက် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးငြိမ်းသတ်ခဲ့သည့် ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှသိရသည်။

ထိုမီးလောင်ကျွမ်းမှုကြောင့် မော်တော်ယာဉ်နှစ်စီး အကြားတွင် ရှိနေသော အသက် ၃၀ ခန့်အရွယ်ရှိ အမျိုးသားနှစ်ဦးနှင့် အသက် သုံးနှစ်အရွယ်ကလေးငယ်တဦးတို့မှာ မီးလောင်ကျွမ်း၍ သေဆုံးခဲ့ရကြောင်းသိရသည်။

ပုံအညွှန်း − မင်္ဂလာဒုံမြို့နယ်အတွင်း လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် လောင်ကျွမ်းသွားသည့် မော်တော်ယာဉ်နှစ်စီး၊ ဓာတ်ပုံ − ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်

“ကားနှစ်စီးကြားထဲမှာဗျ။ သူတို့အလုပ်လုပ်နေတာ သဲကားက။ သူတို့ အလုပ်လုပ်တဲ့နေရာပဲ အဲ့တာက။ (အခြားထိခိုက်ဒဏ်ရာရသူ) မရှိပါဘူး။ ဓာတ်ကြိုးတွေလည်းရှင်းပြီးပါပြီ” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် နှစ်စီး ၊ ရေသယ်ယာဉ် နှစ်စီး၊ လူနာတင်ယာဉ် နှစ်စီးနဲ့ နာရေးယာဉ် တစီးတို့ဖြင့် စေတနာ့ဝန်ထမ်း ၃၀ ဦးခန့်က မီးငြိမ်းသတ်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။
ထို့နောက် သေဆုံးရုပ်အလောင်းများကို ပတ္တမြား လူနာတင်ယာဉ်၊ ပုလဲ နာရေးယာဉ်တို့ဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ပုံအညွှန်း − မင်္ဂလာဒုံမြို့နယ်အတွင်း လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် လောင်ကျွမ်းသွားသည့် မော်တော်ယာဉ်နှစ်စီး၊ ဓာတ်ပုံ − ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်

“အခုက မိုးရာသီဆိုတော့ အပေါ်က မိုးရေနဲ့ရော နောက်ပြီး မိုးဆိုရင် ရန်ကုန်မှာက ရေကြီးရေလျှံလည်းဖြစ်တတ်တယ်လေ။ အဲ့တော့ ဒီမီးကြိုးပြတ်ကျတာတွေကနေတဆင့် လမ်းပေါ်မှာ ဓာတ်လိုက်မယ့် အန္တရာယ်ကို သတိပြုရမယ့်အချိန်ရောက်လာပြီဗျ။ မီးကပုံမှန်သာမလာ ပျက်ချိန်သာများတာ။ ဒီလိုအန္တရာယ်ကျပေးတတ်တယ်” ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် လူငယ်တဦးကမှတ်ချက်ပြုသည်။

ရန်ကုန်တိုင်းအတွင်းသာမက မြန်မာနိုင်ငံရှိ အခြားမြို့နယ်များ၌လည်း ယခုကဲ့သို့ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ မီးလောင်ကျွမ်းခြင်းနှင့် ဓာတ်လိုက်၍ သေဆုံးခြင်းများ ယခင်ကလည်း ဖြစ်စဉ်များရှိခဲ့ဖူးသည်။

ထို့ကြောင့် မိုးရာသီ၌ ရေလျှံနေသောလမ်းများကို မသွားခင် ဓာတ်ကြိုးများ ပြတ်ကျနေခြင်း ရှိ၊ မရှိစစ်ဆေးရန်၊ ရေစိုနေသော သစ်ပင်များ၌ ဓာတ်ကြိုးပြုတ်ကျနေလျှင် လျှပ်စစ်ဓာတ်စီးနေနိုင်သောကြောင့် ဂရုစိုက်ရန်၊ မိုးလေသည်းထန်နေချိန်တွင် ဓာတ်တိုင်၊ ဓာတ်ကြိုးများနှင့် အလှမ်းဝေးသောနေရာမှသာ သွားလာရန်နှင့် ဓာတ်တိုင်များ၏ မြေစိုက်ကြိုးများကို လျှပ်စစ်ဓာတ်စီးနေခဲ့လျှင် ဓာတ်လိုက်နိုင်သောကြောင့် ဂရုစိုက်ကြရန် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက သတိပေးထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး