စဥ့်ကူးတွင် စစ်ကောင်စီတပ် မီးရှို့၍ နေအိမ် ၃၅ လုံး ပျက်စီး

ပုံအညွှန်း - တရော်ပင်ကျေးရွာအတွင်း မှ နေအိမ် မီးလောင်ကျွမ်းနေပုံ \ ဓါတ်ပုံ - Wetlet Information Network

ပုံအညွှန်း – တရော်ပင်ကျေးရွာအတွင်း မှ နေအိမ် မီးလောင်ကျွမ်းနေပုံ \ ဓါတ်ပုံ – Wetlet Information Network

MTO

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ တရော်ပင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့၍ နေအိမ် ၃၅ လုံးမီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင်တွင် ရွှေပြည်ရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်က မီးရှို့သွားခြင်းဖြစ်ကြောင်း Wetlet Information Network မှ ကိုနဂါးလေးက ပြောသည်။

၎င်းက “ အင်အား ၆၀ ကျော် နဲ့ လျှပ်တပြတ်ရောက်လာပြီး ရွာမြောက်ပိုင်း ဝန်းကျင်က စရှို့တာ။ မီးရှို့ပြီး ချက်ချင်းထွက်သွားတာဆိုတော့ ပြည်သူတွေက ပြန်လည်ဝင်ရောက်နေပြီ။ ” ဟု ပြောသည်။

ပုံအညွှန်း - တရော်ပင်ကျေးရွာအတွင်း မှ နေအိမ် မီးလောင်ကျွမ်းနေပုံ \ ဓါတ်ပုံ - Wetlet Information Network

နေအိမ်များ မီးလောင်သွား၍ ဒေသခံ ၁၀၀ ကျော်မှာ လက်ရှိတွင် နေထိုင်ရေး အခက်အခဲကြုံနေရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ထိုသို့မီးရှို့သွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မီးရှို့ပြီးနောက် ရွှေပြည်ရွာရှိ ၎င်းတို့ အထိုင်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း ဒေသခံတဦးက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ ကလည်း စဉ့်ကူးနယ် တောင်အင်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကလေးငယ်တဦး အပါအဝင် ဒေသခံ သုံးဦးသေဆုံးခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး