ရန်ကုန်မြို့ပြပြောက်ကျားရဲဘော် ၄ ဦး ထပ်မံဖမ်းဆီးခံရ

ပုံအညွှန်း - ဇွန်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် သန်လျင်တံတားအမှတ် ၃ ဖွင့်ပွဲတွင် တွေ့ရသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။

ပုံအညွှန်း – ဇွန်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် သန်လျင်တံတားအမှတ် ၃ ဖွင့်ပွဲတွင် တွေ့ရသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။

ရောင်နီ

(မဇ္ဈိမ)။ ။သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲကိုတိုက်ခိုက်ရန် စီစဉ်ခဲ့သူများအား ထပ်မံဖမ်းမိသည်ဟုဆိုကာ ရန်ကုန်မြို့အ‌ခြေစိုက် Dark Shadow မြို့ပြပြောက်ကျားအဖွဲ့မှ အဖွဲ့ဝင်လေးဦးအားဖမ်းဆီးထားသည့်သတင်းကို စစ်ကောင်စီက ယနေ့(ဇွန်လ ၁၇ရက်) ထုတ်ပြန်သည်။

Dark Shadowအဖွဲ့မှ ကိုမျိုးသိန်းထွန်း၊ကိုထက်၊ကိုရဲဇော်ထွန်းနှင့်ကိုရှိန်းမြင့်မိုရ်အောင်တို့ကို မင်္ဂလာတောင်ညွန့်နှင့်လှိုင်သာယာမြို့နယ်တွင် ဇွန်လ ၁၄ ရက်နေ့ကဖမ်းမိကြောင်း ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်မြို့မှ၊သန်လျင်တံတား အမှတ်(၃)ဖွင့်ပွဲကို တိုက်ခိုက်ရန် စီစဉ်ထားသူကိုးဦးအား ဖမ်းဆီးရမိကြောင်း ဇွန်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ဆက်လက်ဖော်ထုတ်ချက်အရ ကိုမျိုးသိန်းထွန်းအပါအဝင် လေးဦးကို လက်နက်ခဲယမ်းအချို့နှင့်အတူ ဖမ်းမိခြင်းဟုဆိုသည်။

စစ်ကောင်စီ၏နှစ်ကြိမ်ဖမ်းဆီးမူတွင် ၁၃ဦး ထိန်းသိမ်းခံထားရပြီး အသက် ၁၈နှစ်အရွယ် လူငယ်အမျိုးသားနှစ်ဦးနှင့် အသက် ၃၅နှစ်အရွယ် အမျိုးသမီးတဦးပါဝင်နေသည်။ ကျန်သူများမှာ အသက် ၂၁ နှစ်မှ ၃၄နှစ်ကြား အမျိုးသားများဖြစ်သည်။ ဖမ်းဆီးခံထားရသူများ၏ လတ်တလောအခြေအနေကို မသိရှိရသေးပေ။

စစ်ကောင်စီထုတ်ပြန်ချက်နှင့်ပတ်သက်၍ Dark Shadowအဖွဲ့တာဝန်ရှိသူ ရဲဘော်ချမ်းငြိမ်းသူ(ခေါ်)ပန်ဒါလေးကို မဇ္စျိမက ယနေ့ မွန်းလွဲပိုင်းတွင်ဆက်သွယ်မေးမြန်းရာ ထုတ်ဖော်ပြောကြားခြင်းမပြုလိုသေးဟု ဆိုသည်။

စာတည်း – အေးချမ်း