ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသပျံလွန်မှု တရားခံဘယ်သူလဲ

ရွှေနွယ်

(မဇ္ဈိမ)။ ။နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ငါန်းဇွန်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခြင်းဟု ဆရာတော်၏တပည့်ဒါယိကာရင်းအချို့ကပြောပြီး သတင်းအမှန်အတိုင်းထုတ်ပြန်ရန်လည်း ၎င်းတို့က တောင်းဆိုသည်။

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက်ပဓာနနာယကလည်းဖြစ်သော ဆရာ‌တော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ယမန်နေ့ (ဇွန်လ ၁၉ ရက်)က မန္တလေးတိုင်း၊ငါန်းဇွန်မြို့ ပန်းချီကမ္မရွာသို့ အိမ်စီးကားဖြင့်သွားရောက်စဉ် အဆိုပါရွာအနီး၌ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဆရာ‌တော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါလာသောကားသည်တံခါးမှန်မချဘဲမှောင်းနှင်လာသည်ဟုဆိုကာစစ်ကောင်စီပတ်ကင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆရာတော်၏ဒါယိကာတဦးကပြောသည်။

” ကားမောင်းသူကလည်း ဆရာတော်ကြီးရဲ့ ဒရိုင်ဘာမဟုတ်ဘူး။ ကားကလည်း သာသနာ‌ကားမဟုတ်ဘဲ အိမ်စီးကားဖြစ်နေတယ်။ လမ်းလည်းမကောင်းဘူး။ ဖုန်တွေထနေတော့ ကားမှန်တင်ပြီးမောင်းတာမှာ စစ်ကောင်စီပတ်ကင်းကပစ်တာပါ” ဟု မဇ္ဈိမ၏ ယနေ့(ဇွန်လ ၂၀ရက်) နံနက်က ဆက်သွယ်မေးမြန်းမှုကို ပြန်လည်‌ဖြေကြားသည်။

ဖြေကြားသူသည် ဆရာတော်နှင့်အနီးကပ်နေသည့် တပည့်ဒါယိကာများအနက်တဦးဖြစ်ပြီး ၎င်း၏လုံခြုံရေးအခြေအနေကြောင့် အမည်ထုတ်ဖော်ရေးသားခွင့်မပြုပေ။

ပစ်ခတ်မှုကြောင့် ဆရာတော်သည် သေနတ်ဒဏ်ရာခြောက်ချက်ဖြင့် ကားပေါ်တွင်ပင်ပျံလွန်တော်မူခဲ့ပြီး ယာဉ်မောင်းသည်လက်၌ဒဏ်ရာရခဲ့ကြောင်း၊ ကားပေါ်တွင်လိုက်ပါလာသည့်ဆရာတော်တပါးလည်း ဒဏ်ရာနည်းငယ်ရခဲ့ကြောင်း ၎င်းက ပြောသည်။

ဆရာတော်၏ နောက်ထပ် တပည့်တဦးကလည်းဆရာတော်ကြီးသည် ငါန်းဇွန်နယ်အတွင်း စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူရခြင်းဟု ပြောသည်။

“ကားတံခါးကို မှန်မချဘဲနဲ့ မောင်းလို့ဆိုပြီး ပတ်ကင်းကသေနတ်နဲ့ပစ်တာပဲ” ဟု ပြောသည်။

ယမန်နေ့ ည ၈နာရီတွင် စစ်ကောင်စီပိုင်မြဝတီနှင့် ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ရာ ဇွန်လ ၁၉ရက် မွန်းလွဲ ၁နာရီအချိန်ခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် မြို့သာမြို့နှင့် ငါးန်ဇွန်မြို့အကြား ပန်းချီကမ္မရွာအနီးတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေစဉ် ဆရာတော်လိုက်ပါလာသည့်ကားဖြတ်သန်းမောင်းနှင်လာကြောင်း၊ ထို့နောက် PDF များက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားမှာချောက်အတွင်းထိုးကျသွား၍ သွားရောက်စစ်ဆေးရာ ကားအတွင်းဦးခေါင်းနောက်စေ့ဒဏ်ရာရှိမှုဖြင့် ဆရာတော် ပျံလွန်တော်မူသွားခြင်းဟု ထုတ်ပြန်လည်။

မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူးမှ နေပြည်တော် သာသနာရေးဦးစီးဌာနသို့ ယမန်နေ့ညနေကတင်ပြသည့် ရုံးစာ၌မူ ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် မင်္ဂလာဒုံမြို့နယ်၊ ကံသုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဂုဏိသာဘိဝံသနှင့်အတူမန္တလေးမြို့ ရွှေကျင်နိကာယဗဟိုဌာန၏ အစည်အဝေးအတွက် ကြိုတင်ညှိနှိုင်းဆောင်ရွက်ကြရန် ရန်ကုန်မှ မန္တလေး၊ တံတားဦးလေဆိပ်သို့ ကြွရောက်ခဲ့ကြောင်း၊ ဇွန်လ ၁၉ရက် နံနက် ၁၀နာရီခန့်တွင် ကံသုံးဆင့်ဆရာတော်၏ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ပန်းချီကမ္မရွာသို့ ကားဖြင့် သွား‌ရောက်စဉ်မြို့သာနှင့် ပန်းချီကမ္မရွာကြားအရောက်၌ လုံခြုံရေးကင်းလှည့်နေသူများက ကားကိုရပ်တန့်ခိုင်းရာ မှန်မချဘဲမောင်းနှင်သည့်အတွက် ပစ်ခတ်ခဲ့ရာ ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် အခင်းဖြစ်ရာ နေရာတွင် ပျံလွန်တော်မူသွားခဲ့ကြောင်းဖော်ပြထားသည်။

စစ်ကောင်စီထုတ်ပြန်ချက်ပါ အခင်းဖြစ်ချိန်နှင့်နေပြည်တော်သာသနာရေးဦးစီးဌာနသို့ တင်ပြသည့် ရုံးစာပါ အခင်းဖြစ်ချိန်သည် ကွဲလွဲနေသည်။

စစ်ကောင်စီကို ထောက်ခံရေးသားလျက်ရှိသည့် တယ်လီဂရမ်ချန်နယ်များတွင် ဆရာတော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ခြင်းဟု  ရေးသားထားကြသည်။ထို့အပြင် ဆရာတော်လိုက်ပါလာသည်ကားအား PDF များကပစ်ခတ်ခြင်းဟုယာဉ်မောင်းပြောကြားထားသည့် ရုပ်သံမှတ်တမ်းကိုလည်း ၎င်းတို့က ဖော်ပြထားကြသည်။

ယင်းရုပ်သံမှတ်တမ်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကာ ယာဉ်မောင်းအား ချိမ်းခြောက်ပြီး ထွက်ဆိုခိုင်းခြင်းဟု ငါးဇွန်မြို့မှ ဒေသကာကွယ်ရေးရဲဘော်အချ်ို့ကပြောသည်။ ဆရာတော်၏ကားအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပစ်ခတ်ခြင်းမဟုတ်ဘဲ  စစ်ကောင်စီကပစ်ခတ်ခြင်းဟု ၎င်းတို့က ပြောသည်။

” စစ်ကောင်စီထုတ်ပြန်ချက်ထဲမှာ‌ပါတယ်။ တိုက်ပွဲဖြစ်နေတုန်းမှာ သူတို့နားဖြတ်သွားတဲ့ ကားကို ကာကွယ်ရေးရဲဘော်တွေကမိုင်းဆွဲတယ်လို့ပြောတယ်။ အဓိပ္ပါယ်မရှိတာကြီး”ဟု ဒေသကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ငါန်းဇွန်မြို့နယ်တွင် ဇွန်လ ၁၈ရက်က မြို့သာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပျုစောထီးများ ရှိနေသည့်နေရာကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ဒေသတွင်း လမ်းများ၌ နေ့ရောညပါ ကင်းပုန်းဝပ်နေစဉ် ဆရာတော်လိုက်ပါလာသည့် မော်တော်ယာဉ်နှင့် စစ်ကောင်စီတပ်ထိပ်တိုက်တိုးပြီး ပစ်ခတ်ခံရခြင်းဟု ငါန်းဇွန်ဒေသတွင်းသတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ဆရာတော်သည် သက်တော် ၇၈နှစ်၊ ဝါတော် ၅၇ ဝါ ရှိပြီဖြစ်ပြီး  ဋီကာကျော်ရှင်းတမ်း၊ရူပသိဒ္ဓိရှင်းတမ်း၊ ကင်္ခါရှင်းတမ်းစသည့် ဗုဒ္ဓဘာသာဆိုင်ရာကျမ်းစာအုပ်များရေးသားပြုစုခဲ့ကြောင်း ဆရာတော်၏ တပည့်စာသင်သားသံဃာတော်တပါးက မိန့်သည်။

ဆရာတော်ပျံလွန်တော်မူသွားခြင်းသည် သာသနာတော်အတွက် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်ပြီး ပစ်ခတ်ခံရမှု‌ကြောင့် ပျံလွန်တော်မူသည့်ဖြစ်ရပ်ကို အမှုမှန်အတိုင်းထုတ်ပြန်ပေးရန်လည်း ဆရာတော်၏တပည့်စာသင်သားသံဃာတော်များနှင့် ဒါယိကာများက လူမှုကွန်ရက်တွင်ရေးသားတောင်းဆိုနေကြသည်။
ကံသုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော်ဘဒ္ဒန္တဂုဏိသာဘိဝံသအနေဖြင့်လည်း ဒဏ်ရာသက်သာပါက ပြည်သူလူထုအား ဖြစ်စဉ်ကိုအမှန်အတိုင်းရှင်းလင်းပြောကြားပေးရန် တိုက်တွန်းနေကြသည်။

ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် စစ်ကောင်စီပစ်ခတ်မှုကြောင့် ပျံလွန်တော်မူရခြင်းဟု ဆရာတော်၏ တပည့်ဒါယိကာများက ပြောကြားချက်နှင့်ပတ်သက်၍ မေးမြန်းရန် စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ရုပ်ကလာပ်ကို  ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့၊ဝင်းနိမ္မိတာရုံစာသင်တိုက်သို့ ပြန်လည်သယ်ဆောင်ထားပြီး စျာပနအခမ်းအနားပြုလုပ်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စာတည်း – အေးချမ်း