တီးတိန်တွင် လက်လွှတ်ခဲ့ရသော စခန်းကို စစ်ကြောင်းပြန်ထိုးသည့် စကစတပ်ဖွဲ့ မိုင်းဆွဲခံရ

ပုံအညွှန်း။ ။ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF/ CDM SIYIN) တပ်ဖွဲ့ဝင်များ(Photo- CDF/ CDM SIYIN)

ပုံအညွှန်း။ ။ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF/ CDM SIYIN) တပ်ဖွဲ့ဝင်များ(Photo- CDF/ CDM SIYIN)

ကိုခင်မောင်

(မဇ္ဈိမ) ။ ။ ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာတွင် လက်လွှတ်ခဲ့ရသော တပ်စခန်းကို ပြန်ယူရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ (CDF/CDM- Siyin) က မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ဇွန်လ ၁၉ ရက်တွင် တီးတိန်မြို့ ၊ ကနေတောင်စစ်ခန်းမှ တီးတိန်- ကလေး ကားလမ်း အတိုင်းဆင်းလာပြီး အင်းအား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို အတန်းလိုက်မိုင်းများဆင်ကာ ဖောက်ခွဲရသော ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုစစ်ကြောင်းသည် တီးတိန်မြို့နယ်ရှိ PDF Zoland သိမ်းပိုက်ထားသော ကနေဒီတောင်တပ်စခန်းကို ပြန်သိမ်းပြီးနောက် သိုင်းငင်းစခန်းဘက်ကို ဦးတည်ထိုးဖောက်နေသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

“မနေ့က လေထန်ကုန်းမရောက်ခင်မှာကော၊ လေထန်ကုန်းမှာတွေကော မိုင်းနဲ့ ဆော်လိုက်တာ တော်တော် အထိနာသွားပြီ။ ရှေ့တိုးလာရှင်လည်း ထပ်ခံရအုံးမှာ။ အခုလည်း နင်းမိုင်းတွေ၊ တိုက်မိုင်းတွေ တိုက်မိတယ်။ မိုင်းသံတွေ ကြားနေရတယ်။ အကျဆုံး အထိခိုက်တော့ မသိရဘူး။ မိုင်းဆွဲပြီးနောက် ရှေ့ဆက်မတိုးတော့ဘူး။ ကားလမ်းပေါ်နဲ့ တောထဲမှာ ဖြန့်ကျက်ထားပြီးတော့ စစ်ကြောင်းဝင်လာတာပါ။ ” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF/CDM- Siyin) တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီက ဦးတည်စစ်ကြောင်းထိုးနေသော သိုင်းငင်းတပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF/CDM- Siyin) အပါအဝင် ချင်းလဲန်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။

လက်ရှိမှာ ထိုစစ်ကောင်စီတပ်စစ်ကြောင်းသည် တီးတိန်မြို့နယ်၊ ဆိုဇန်ရွာနှင့် သိုင်းငင်းရွာကြားရှိ လေထန်ကုန်းအနီးက ထုတ်လိုင်လမ်းခွဲတွင် ရပ်တန့်နေပြီး စစ်ရေးတင်းမာနေကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်း ဖမ်းဆီးထားသော ဆိုဇန်ရွာက အမျိုးသားငါးဦး ယမန်နေ့ (ဇွန်လ ၁၉ ရက်) ညနေပိုင်းတွင် ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တီးတိန်နှင့် ဖလမ်းသို့ သွားသည့် ကလေး-တီးတိန်-ဖလမ်း ကားလမ်းဆုံတွင် တည်ရှိသော သိုင်းငင်းရွာသည် လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျ သည့် နေရာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထိုစစ်ကောင်စီတပ် စစ်ကြောင်းကြောင့် တီးတိန်-ကလေး ကားလမ်းတလျှောက် ရွာများဖြစ်သည့် ဆိုဇန်၊ အာလွယ်၊ ထန်နွဲ၊ ဇုံးနှင့် ဖူနွမ်း ကျေးရွာများမှ ဒေသခံများ သည် စစ်ကောင်စီတပ်များ ရွာထဲဝင်မည်ကိုကြောက်လန့်ကာ တောတောင်များနှင့် အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်