မင်းတပ်မြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ထိခိုက်ပျက်စီးမှုရှိ

မတ်လ ၁၅ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ/ဓါတ်ပုံ – မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်၊တိုက်နယ် အမှတ် (၂) ကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဆလိုင်းယောမန် ကပြောသည်။

ယနေ့ ဧပြီလ ၁ရက်နံနက် ၁နာရီ ၁၇မိနစ်ခန့်တွင် နှစ်ကြိမ်၊ နံနက် ၉နာရီ ၄၅ မိနစ်နှင့် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စုစုပေါင်း ရှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ဗုံး၁၀ကြိမ်လောက်ကြဲပြီး ရွာကိုလည်းလေယာဥ်စက်သေနတ်နဲ့ တောက်လျောက်ပစ်တယ်” ဟု ဆလိုင်းယောမန်က ဆိုသည်။

တံတားဦးလေဆိပ်မှတက်လာသော ဂျက်ဖိုက်တာများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး နောက်ထပ်လေကြောင်းတိုက်ခိုက်မည့်သတင်းရရှိထား‌‌သောကြောင့် ဒေသခံများအား သတိပေးထားကြောင်း မင်းတပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( CDF Mindat) မှ ရဲဘော်တဦးကပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်မှုမရှိသော်လည်း လူနေအဆောက်အအုံအချို့ ပျက်စီးမှုရှိကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံကပြောသည်။ အသေးစိတ်အခြေအနေများကို မဇ္စျိမအနေဖြင့် မသိရှိရသေးပေ။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားနေထိုင်ရာကျေးရွာများကို လေကြောင်းမှတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

မတ်လ ၁၅ရက်နေ့ကမင်းတပ်မြို့နယ် ၊ တိုက်နယ် အမှတ်(၃)အား စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တဦးနှင့်အမျိုးသမီးတဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရကာ ဘုရားကျောင်း ၊ စာသင်ကျောင်းနှင့်နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ရက်ကလည်း မင်းတပ်မြို့နှင့်ထိစပ်နေသည့် ပလက်ဝမြို့နယ် ၊ ဒိုင်ရ်ဒေသရှိ ဟုမ်းကျေးရွာကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားအမျိုးသားခုနစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

စာတည်း – အေးချမ်း