ကော်သူးလေတပ်မတော် ပြောခွင့်ရသူနှင့် တပ်ဖွဲ့ဝင် ၆ ဦး BGF ထံ ဘက်ပြောင်း

ပုံအညွှန်း- KTLA မှ BGF ထံ ဘက်ပြောင်းသွားသည့် စောဝါးနေမှူး (ခ) စောအင်္ဂလိပ်

KTLA မှ BGF ထံ ဘက်ပြောင်းသွားသည့် စောဝါးနေမှူး (ခ) စောအင်္ဂလိပ်

ဟန်ထူးဇော်

(မဇ္ဈိမ) ။ ။ ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေတပ်မတော် (KTLA) ပြောရေးဆိုခွင့်ရှိသူ စောအင်္ဂလိပ်နှင့် တပ်ဖွဲ့ဝင် ခြောက်ဦးသည် စနိုက်ဘာသေနတ်တလက် အပါအဝင် လက်နက်အချို့ကို ယူဆောင်ကာ ကရင်နယ်ခြားစောင့်တပ် (BGF) ထံ ဘက်ပြောင်းသွားကြောင်း ကော်သူးလေတပ်မတော် (KTLA) တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြုသည်။

KTLA တွင် ဒု-ရုံးထိုင်မှူးအထိ တာဝန်ယူခဲ့သည့် စောဝါးနေမှူး(ခ)စောအင်္ဂလိပ်သည် တပ်ရင်းတပ်ဖွဲ့ကို အကြောင်းကြားခြင်းမရှိဘဲ ဘက်ပြောင်းသွားခြင်းကြောင့် တပ်ဖွဲ့မှ အပြီးအပိုင်ထုတ်ပယ်လိုက်ကြောင်း ဇွန်လ၂ ရက်နေ့မှာ KTLA က ကြေညာချက် ထုတ်ထားသည်။

“တပ် CDM တယောက်၊ BGFက ထွက်ပြေးလာတဲ့ တယောက်၊ရန်ကုန်ကလာတဲ့ ရဲဘော်အသစ် လေးယောက်နဲ့ သူ့မိသားစုဝင်ပါမယ်၊ ဗိုလ်ချုပ်နယ်ဒါးမြပေးထားတဲ့ M4 (သေနတ်) တလက်၊ အလှူရှင်တွေရဲ့ငွေနဲ့ဝယ်ထားတဲ့ စနိုက်ဘာတလက်၊ အတိုသုံးလက်ကို သူယူသွားတယ်” ဟု ကော်သူးလေတပ်မတော် (KTLA) ရုံးထိုင်မှူးချုပ်က ပြောသည်။

၎င်းနှင့်အတူ ထွက်ပြေးသွားသည့် တပ် CDM ဆိုသူသည် KTLA ဌာနချုပ်တွင် ထောက်လှမ်းရေးလာလုပ်သည့်အတွက် ဖမ်းဆီးပြီး စစ်ဆေးခံနေရသူဖြစ်ကြောင်း သိရသည်။

“DKBAနဲ့သွားပေါင်းရင်တောင် ကျနော်တို့ လက်ခံလို့ရသေးတယ်ပေါ့၊ သူစီးပွားရေး လုပ်နေပေမယ့် ရန်သူကို ရန်သူလိုဆက်ဆံသေးတယ်၊ ဟို BGF က ရန်သူကို လုံးဝဇောင်းပေးပြီး ဆက်ဆံတဲ့ အသင်းအဖွဲ့ကို ပြည်သူက လုံးဝလက်မခံတဲ့ အဲ့အဖွဲ့ကို ရွေးချယ်တယ်ဆိုတော့ သူ့ကို အတော်အော်ကြောလန်သွားတယ်၊ သူကဟိုရောက်ရင် လွယ်လွယ်နဲ့ ပိုက်ဆံရမယ်ထင်တာ၊ သူ့ရဲ့ပင်ကို စိတ်ဓာတ်က ငွေကြေးအရမ်းချမ်းသာချင်တာ”ဟု KTLA ရုံးထိုင်မှူးချုပ်က ပြောသည်။

BGF ထံ ဘက်ပြောင်းသွားသည့် စောဝါးနေမှူး (ခ) စောအင်္ဂလိပ်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

စောဝါးနေမှူး(ခ)စောအင်္ဂလိပ်တို့ အဖွဲ့ သည် ကရင်- ထိုင်းနယ်စပ်ရှိ မြဝတီမြို့ BGF (၁၀၁၇) တပ်ရင်း၏ တပ်ရင်းမှူး ဗိုလ်မှူးစောဒီဒီထံသို့ ပြီးခဲ့သည့် ဧပြီလတွင် ဘက်ပြောင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်