စိန့်မာတင်ကျွန်းကို AAက ပစ်ခတ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးကပြောတယ်ဆိုတဲ့ သတင်းအမှား

ZZ

(မဇ္ဈိမ) ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိန့်မာတင်ကျွန်းကို အာရက္ခတပ်တော် (AA)က ပစ်ခတ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့တံတားဝန်ကြီး ကွာဒါက ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

သတင်းစောင့်ဖတ်သူ တစ်သိန်းကျော်ရှိတဲ့ “Ko Thet” ချန်နယ်ကနေ ဇွန် ၁၈ရက်နေ့မှာ “မြန်မာအပေါ် ဘင်္ဂလားဒေ့ရှ် အစိုးရ သဘောထား”ဆိုတဲ့ခေါင်းစဉ်နဲ့အတူ ဘင်္ဂလားဒေ့ရှ်လမ်းပန်းဆက်သွယ်ရေးနဲ့တံတားဝန်ကြီး အိုဘီယာဒေါ ကွာဒါ က” စိန့်မာတင်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေဟာ ရခိုင်လက်နက်ကိုင် AA ရဲ့ လက်ချက်ဖြစ်ပါတယ်။ မြန်မာအစိုးရတပ်ဖွဲတွေ လုပ်ဆောင်တာမျိုးမဟုတ်ပါဘူး” လို့ပြောဆိုခဲ့ကြောင်း ရေးသားကာ ဖော်ပြ ထားပါတယ်။ ဒီအကြောင်းကို ကြည့်ရှုသူ ၃၇,၀၀၀ ထိရှိနေပြီး တယ်လီဂရမ်ချန်နယ်နဲ့ ဂရု ၂၂ ခုအပြင် ဖေ့စ်ဘုတ်မှာလည်း ပျံ့နှံ့ခဲ့ပါတယ်။

မဇ္ဈိမက ဒီအကြောင်းအရာကို အချက်အလက်စစ်ဆေးခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ တံတားဝန်ကြီး ကွာဒါ အမည်နဲ့ အင်တာနက်မှာပဲ ရှာဖွေတဲ့ခါ အကြောင်းအရာတချို့ကို တွေ့ရပါတယ်။

ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနကနေ ဇွန် ၁၆ ရက်နေ့က သတင်းဖော်ပြချက်အရ ဝန်ကြီးကွာဒါ ပြောဆိုခဲ့ တဲ့အထဲမှာ စိန့်မာတင်ကျွန်းအနီး မြန်မာဘက်ကပစ်ခတ်မှုတွေကို ဆွေးနွေးတာကနေတစ်ဆင့်ဖြေရှင်းရန်ကြိုး ပမ်းနေကြောင်း၊ ဒါပေမယ့် ထပ်မံအတိုက်ခိုက်ခံရမယ်ဆိုရင် လက်တုံ့ပြန်သွားမယ်လို့ ပြောဆိုထားတာ ကိုတွေ့ ရပါတယ်။ အေအေက ပစ်ခတ်ခဲ့တာလို့ပြောဆိုထားတာမရှိပါဘူး။ လင့် – https://archive.ph/UQ0a4

Myanmar Pressphoto Agency ကနေလည်း ဇွန်လ ၁၇ ရက်နေ့မှာ “မြန်မာဘက်၏ ပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိမှန်ပါက လက်တုံ့ပြန်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြော” ဆိုပြီး သတင်းဖော်ပြထားပါသေးတယ်။ ဒီဖော်ပြမှုမှာ တော့ ဝန်ကြီး ကွာဒါဟာ ဘင်္ဂလားဒေ့ရှ်လှေ ပစ်ခတ်ခံရမှု ဖြစ်စဉ်ကို ကန့်ကွက်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အခြေအနေတွေကို ပြောထားတာပါ။ AA ရဲ့ ပစ်ခတ်မှုကြောင့်လို့ မပြောထားပါဘူး။ လင့် – https://archive.ph/ybpw4

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ Bangladesh Sangbad Sangstha (BSS) သတင်းဌာနကနေလည်း ဝန်ကြီး ကွာဒါရဲ့ပြော ဆိုချက်တွေကို သတင်းရေးသားဖော်ပြထားပါတယ်။
ဒီ ဖော်ပြချက်ထဲမှာတော့ မြန်မာဘက်ကပစ်ခတ်မှုတွေအတွက် ဆွေးနွေးဖြေရှင်းဖို့ ကြိုးပမ်းနေကြောင်း၊ ထပ်မံပစ်ခတ်ပါက လက်တုံ့ပြန်ဖို့ အဆင်သင့်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံနဲ့ ဘာပြဿနာမှမရှိပေမယ့် ဆွေးနွေးမှုတွေအတွက် တံခါးဖွင့်ထားကြောင်းနဲ့ သူတို့ဘက်က လက်တုံ့ပြန်ဖို့အဆင်သင့်ဖြစ်နေကြောင်းကို သာ ထပ်ခါထပ်ခါပြောဆိုခဲ့တာကိုတွေ့ရပါတယ်။
AA က ပစ်ခတ်ခဲ့တယ်ဆိုတဲ့ စကားတစ်လုံးမှာ မပါဝင်ပါဘူး။ လင့် – https://archive.ph/nI1W2

ဘင်္ဂလားဒေ့ရှ် လမ်းပန်းဆက်သွယ်ရေးနဲ့ တံတားဝန်ကြီး ကွာဒါက စိန့်မာတင်ကျွန်းပေါ် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာမှန်ပေမယ့် ဒီပစ်ခတ်မှုကို AA က ပြုလုပ်တယ်လို့ ပြောဆိုခဲ့တာ မရှိပါဘူး။ သတင်းတုမှာ ပါဝင်သလို မြန်မာအစိုးရတပ်အဖွဲ့တွေ လုပ်ဆောင်တာ မဟုတ်ဘူး လို့လည်း မပြောထားပါဘူး။ ဒါကြောင့် ဒီသတင်းဟာ ဖြစ်စဉ်အမှန်ကို အခြေခံပြီး လိုသလို ပုံဖော်ထားတဲ့ သတင်းတုပဲ ဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက်စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။