ဘုရားသုံးဆူနယ်စပ်ဂိတ်ပိတ်ထား၍ တရားမဝင်လမ်းကြောင်းမှ ကုန်သွယ်နေရသဖြင့် ကုန်ဈေးနှုန်းတက်

ဓါတ်ပုံ- မြန်မာနိုင်ငံတွင်းသို့ သယ်ယူမည့် ကုန်ပစ္စည်းတင်ကားများကို ဘုရားသုံးဆူနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်း၌ တွေ့ရစဉ်

မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နှင့် ထိုင်းနိုင်ငံ၊ ဆန်ခဘူရီမြို့ကို ဆက်သွယ်ထားသည့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို မြန်မာနိုင်ငံဘက်ခြမ်းကသာမက ထိုင်းနိုင်ငံဘက်ကပါ ပိတ်ထား၍ တရား မဝင်လမ်းကြောင်းများမှ ကုန်သွယ်နေရခြင်းကြောင့် ကုန်ဈေးနှုန်းများတက်လာကြောင်း ကုန်သည်များ နှင့် ဘုရားသုံးဆူဒေသခံများထံက သိရသည်။

ဘုရားသုံးဆူနယ်စပ်ဂိတ်၏ မြန်မာဘက်ခြမ်းကို စစ်ကောင်စီနှင့် BGF က ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့မှ စ၍ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းကပိတ်ထားသည်မှာ တလနီးပါးရှိတော့မည်ဖြစ်ကြောင်း သိရသည်။

သို့သော် ဘုရားသုံးဆူနယ်စပ်ဂိတ်အနီးမှပင် အောက်လမ်းဟုခေါ်သည့် တရားမဝင် လမ်းကြောင်းများမှ လူနှင့်ကုန်ပစ္စည်းများ ကူးသန်းသွားလာမှုရှိကြောင်း ဘုရားသုံးဆူဒေသခံထံက သိရသည်။

“မြန်မာဘက်က အဓိကတော့ ပိုက်ဆံပဲလေ။ အချိန်တိုင်း သွားလာလို့ရတယ်”ဟု ဘုရားသုံးဆူဒေသခံက ပြောသည်။

တရားမဝင်လမ်းကြောင်းမှ သယ်ယူရာတွင် အကန့်အသတ်ရှိသဖြင့် မော်လမြိုင်၊ ကျိုက်မရော၊ သံဖြူဇရပ် တို့မှ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းရောင်းဝယ်ရေးဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့် တက်မှုများ ရင်ဆိုင်နေရကြောင်း မော်လမြိုင်မြို့မှကုန်သည်တဦးထံက သိရသည်။

“ပစ္စည်းက လိုသလောက် သယ်မရဘူးဖြစ်နေတယ်။ ဒီဘက်မှာ ဝယ်လိုအားများနေပေမယ့် အဝင်က မလောက်တော့ ပစ္စည်းတွေပြတ်၊ ဈေးတွေတက်ကုန်တယ်။ မြဝတီဘက်ကတင်တော့တင်တယ်၊ ဒါပေ မယ့် လမ်းကြောင်းက အရမ်းဆိုးတယ်” ဟု ၎င်းကပြောသည်။

အခြား ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ – ထို့ကော်ကိုး – ဘားအံလမ်းနှင့် မြဝတီ-ဒေါနတောင်ကျော်လမ်းဟောင်းတို့မှ ကုန်ပစ္စည်းသယ်ယူနေကြသော်လည်း မိုးရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ပေါ်နေပြီး ပြည်တွင်းသို့ ကုန်စည်အဝင်နောက်ကျမှုများဖြစ်ပေါ် လျက်ရှိသည်။

ဘုရားသုံးဆူနယ်စပ်ဂိတ်အား မည်သည့်အချိန်ပြန်ဖွင့်မည်ကို မြန်မာနိုင်ငံဘက်မှသာမက ထိုင်းနိုင်ငံဘက် မှလည်း တရားဝင်ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

စာတည်း။ ။စောဖေ