အပစ်ရပ်စာချုပ်အား စစ်ကောင်စီ ပေါ်ပေါ်တင်တင်ချိုးဖောက်ဟု ညီနောင်မဟာမိတ် ထုတ်ပြန်

ပုံအညွှန်း- ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီနှင့် TNLA ကြား တိုက်ပွဲဖြစ်ပွားသည့်နေရာပြမြေပုံ (PSLF/TNLA)

ပုံအညွှန်း- ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီနှင့် TNLA ကြား တိုက်ပွဲဖြစ်ပွားသည့်နေရာပြမြေပုံ (PSLF/TNLA)

ရွှေနွယ်၊ ဂျူချန်း

(မဇ္ဈိမ)။ ။ စစ်ကောင်စီသည် ဇန်နဝါရီ ၁၁ ရက်နေ့တွင် သဘောတူညီ လက်မှတ်ရေးထိုးထားသော “ဟိုင်ဂင် အပစ်ရပ်စာချုပ်” အား ပေါ်ပေါ်တင်တင်ချိုးဖောက်လိုက်ပြီဖြစ်သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ထုတ်ပြန်သည်။

ယနေ့ နံနက် ၉ နာရီ ၁၈ မိနစ်အချိန်ခန့်တွင် ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း အမှတ် (၅၀၁) နှင့် အမှတ် (၅၀၂) မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (PSLA/TNLA )တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်ဟု ညီနောင်မဟာမိတ်ထုတ်ပြန်ချက်ကဆိုသည်။

ထို့ကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ နှစ်နာရီခန့်ဖြစ်ပွားခဲ့ပြီး ပြည်သူများစစ်ဘေးသင့်မည်စိုးရိမ်သောကြောင့် TNLA ဘက်မှ ယာယီနောက်ဆုတ်ပေးလိုက်ကြောင်းလည်း သိရသည်။

“ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပူပူနွေးနွေးထိုးထားခဲ့သော အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို စစ်ကောင်စီတပ်မှ ပေါ်ပေါ်တင်တင်ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ဒုတိယအကြိမ် ချိုးဖောက်ခြင်းဖြစ်သည်” ဟု ညီနောင်မဟာမိတ်တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် အပစ်ရပ်ရေးသဘောတူညီပြီး နောက်တနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင်ပင် တအာင်းတပ်ဖွဲ့မှ သိမ်းယူထားပြီးဖြစ်သော နမ့်ဆန်မြို့နှင့် နမ္မတူမြို့တို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ထို့ပြင် TNLA တည်ရှိရာ မိုးကုတ်၊ ကျောက်မဲနှင့် လားရှိုးမြို့နယ်တို့ကိုလည်း ယမန်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုခဲ့သည်ဟု ညီနောင်မဟာမိတ်တို့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“စာချုပ်မှာတော့ တိုက်ပွဲပြန်ဖြစ်ပြီဆိုရင် ပြန်ဆွေးနွေးဖို့အချက်လည်းပါတယ်။ အဲ့လိုဆိုရင်တော့ သူတို့ လုပ်ငန်းစဉ်အတိုင်းဆိုရင် ထပ်ပြီးညှိုနှိုင်းဆွေးနွေးရမယ့်သဘောရှိတယ်။ အခြေအနေကတော့ နှစ်ဖက်တိတိကျကျ နယ်မြေသတ်မှတ်မှု မရှိသေးဘူးဆိုရင်တော့ ဒီပြဿနာဖြစ်နေဦးမှာပဲ။ ဒီကတိကဝတ် သဘောတူညီချက်တော့ ပျက်ပြယ်သွားဖို့များပါတယ်။ စစ်ကောင်စီကလည်း သူတို့ရဲ့အခုနိုင်ထားတဲ့နေရာတွေကို သိပ်ပြီးတော့ပေးချင်ပုံမရဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

“ဟိုင်ဂင်သဘောတူစာချုပ်” တွင်မူ ဇန်နဝါရီ ၁၁ ရက်နေ့ ည ၉ နာရီမှစတင်ကာ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေးနှင့် အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းရေးတို့ကို သဘောတူ ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

လက်ရှိတွင် တရုတ်ဖိအားကြောင့် ညီနောင်သုံးဖွဲ့အနေဖြင့် ရှမ်းမြောက်တွင် ထိုးစစ်ဆင်မှုများ ယာယီရပ်ထားမည်ဖြစ်သော်လည်း ယခု စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ထိုးစစ်တို့ကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သည့် အလားအလားရှိနေကြောင်း ရှမ်းမြောက်အရေး လေ့လာစောင့်ကြည့်နေသူ တဦးကလည်း ပြောသည်။

“တရုတ်က ညီနောင်မဟာမိတ်ကို ဖိအားပေးတဲ့ အပိုင်းတွေရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့အကျပ်ကိုင်တာပေါ့နော်။ အကျပ်ကိုင်တော့ သူတို့ အပစ်ရပ်လိုက်ရတယ်။ အပစ်ရပ်လိုက်ပေမယ့် တိုက်ပွဲက လုံးဝ ငြိမ်သွားမယ့် အခြေအနေမျိုးတော့ မဟုတ်ဘူး။​ တဖက်မှာက တရုတ်ဖိအားကြောင့် ထိုးစစ်ဆင်တာကို ခဏရပ်ထားပေမယ့် တိုက်ပွဲဆက်ရှိမယ့်အလားအလာမျိုးလို့ ကျနော်တို့ပြောလို့ရပါတယ်” ဟု ၎င်းကပြောသည်။

ယနေ့ တိုက်ပွဲအခြေအနေနှင့်အတူ သဘောတူညီချက်၏ ရှေ့အလားအလာနှင့်ဆက်စပ်၍ မေးမြန်းရန် မဇ္ဈိမမှ TNLA ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးတာအိုက်ကျော်နှင့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်လျက်ရှိသော်လည်း အဆက်အသွယ်မရရှိသေးပေ။

စာတည်း – သန့်ဇော်(သန်လျင်)