တိုက်ပွဲကြားမှ ထွက်ခွာခွင့်ပြုရန် မိုးကုတ်ဒေသခံများ လိုလား

တိုက်ပွဲများအတွင်း မိုးကုတ်မြို့ လူနေရပ်ကွက်များ၌ မီးလောင်ကျွမ်းနေမှုမြင်ကွင်း။

ရွှေနွယ်

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ဇွန်လ ၂၅ ရက်နေ့ကစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြား လူအများ အပြားပိတ်မိနေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဒဏ်ကို ခံနေရ သောကြောင့် အရပ်သားများအား တိုက်ပွဲကြားမှထွက်ခွာခွင့်ပြုရန် လိုလားနေကြသည်ဟု မိုးကုတ်ဒေသခံများက မဇ္ဈိမကိုပြောသည်။

မိုးကုတ်မြို့အနောက်ပိုင်းတွင် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ ယနေ့(ဇွန်လ ၃၀ ရက်) အထိ ငါးရက်ကြာ တိုက်ပွဲပြင်း ထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က အရပ်သားများနေထိုင်ရာ ရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲနေသော ကြောင့် လူနှင့် နေအိမ်အဆောက်အဦများ ထိခိုက်မှုများစွာရှိနေကြောင်း မိုးကုတ်မြို့ဒေသခံများက ပြောသည်။ ထို့ပြင် မိုးကုတ်မြို့အရှေ့ပိုင်း၌လည်း ဇွန်လ ၂၇ ရက်နေ့မှစတင်ကာ တိုက်ပွဲများဖြစ်ပွားလာသောကြောင့် တမြို့လုံး အတိုင်းအတာဖြင့် စစ်ဘေးဒဏ်ခံစားနေရခြင်းဖြစ်သည်။

“မနေ့ကဆိုရင် ရဲစခန်းဘက်ကို ဦးတည်ပြီးဗုံးကြဲတာဆိုတော့ အဲဒီနားတဝိုက်ကအိမ်တွေ အကုန်ထိတယ်။ တနေ ရာကျပြီဆိုရင် မိုင်တော်တော်ဝေးဝေးအထိ ဗုံးရဲ့အရှိန်က တော်တော်ပြင်းတယ်။ မနေ့(ဇွန်လ ၂၉ ရက်)ကဆို တော် တော်ကိုပြင်းတယ်၊ အိမ်တွေပေါ်ကျတာလည်းရှိတော့ အိမ်တွေထဲမှာ ပိတ်မိနေတဲ့လူတွေလည်း ထိကုန်ကြတယ်” ဟု မိုးကုတ်မြို့အနောက်ပိုင်းတွင်နေထိုင်သော အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ယနေ့(ဇွန်လ ၃၀ ရက်) နံနက်အစောပိုင်းမှစတင်ကာ မိုးကုတ်ဒေသခံများ မြို့ကိုစွန့်ခွာ၍ စစ်ရှောင်ကြသော်လည်း အများစုမှာ မြို့အထွက်၌ထွက်ခွာခွင့်မရဘဲ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ရကြောင်း သိရသည်။

“ကျမတို့ကတော့ ဒီမနက်အစောကြီး ဆိုင်ကယ်နဲ့ထပြေးလာတာ၊ ဆိုင်ကယ်က တောလမ်းတွေကနေလာတာဆို တော့ လွတ်လာတယ်။ ဒါပေမယ့် ကားတွေနဲ့ မြို့အထွက်မှာ ပိတ်မိနေတာ ၅၀၀ လောက်ရှိတယ်” ဟု မိုးကုတ် မြို့ခံတဦးက ပြောသည်။

မိုးကုတ်မြို့သည် မြို့အနေအထားအားဖြင့် နယ်မြေကျဉ်းမြောင်းသောကြောင့် စစ်ကောင်စီ၏ လေကြောင်းတိုက် ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများသည် အရပ်သားများနေထိုင်ရာသို့ ဆက်တိုက်ထိခိုက်နေခြင်းကြောင့် အရပ် သားများအား မြို့မှ ထွက်ခွာခွင့်ပြုစေလိုကြောင်းလည်း မိုးကုတ်ဒေသခံများကပြောသည်။
“လမ်းဖွင့်လိုက်မယ်ဆိုရင်တော့ ကားနဲ့ဆို အသက်ကြီးပိုင်းတွေလည်း ပြေးလို့ရတာပေါ့။ တချို့က ဆိုင်ကယ်နဲ့ မလိုက်နိုင်ဘူးလေ။ ကျနော်တို့ဆန္ဒကတော့ အပစ်အခတ်ကို ခဏလေးရပ်တာပဲဖြစ်ဖြစ်၊ ပြည်သူတွေကို ခဏလေး ပဲ လမ်းဖွင့်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးစေချင်ပါတယ်” ဟု မိုးကုတ်မြို့ခံတဦးကပြောသည်။

လက်ရှိတွင် မိုးကုတ်မြို့အတွင်းပိတ်မိနေကြသူများမှာ စားနပ်ရိက္ခာအခက်အခဲနှင့် ဆက်သွယ်ရေး အခက်အခဲများ လည်း ကြုံတွေ့နေကြရကြောင်း သိရသည်။
“ဒီတိုင်းဆက်သွားရင် ကျနော်တို့ မျှော်လင့်ချက် မရှိတော့ဘူး။ စားနပ်ရိက္ခာပါ ပြတ်လတ်နေပြီ” ဟု အခြား မိုးကုတ် မြို့ခံတဦးကလည်း ပြောသည်။
ဇွန်လ ၂၅ ရက်နေ့ကစတင်ဖြစ်ပွားခဲ့သည့် မိုးကုတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်း၊ အောင်သာယာနှင့် အာကာမိုး တပ်စခန်း၊ မိုးကုတ် ရဲစခန်းတို့ကို တော်လှန်ရေးအင်အားစုဘက်မှ သိမ်းပိုက်ထားနိုင်ပြီးဖြစ်ကြောင်း တအောင်းအမျိုးသားတပ်မတော် TNLA က ထုတ်ပြန်ထားသည်။

မိုးကုတ်တိုက်ပွဲအတွင်း တအောင်းအမျိုးသားတပ်မတော် TNLA နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်ရင်းများလည်း ပါဝင်တိုက်ခိုက်နေခြင်းဖြစ်သည်။
ဇွန်လ ၂၈ ရက်နေ့တွင် မိုးကုတ်မြို့အရှေ့ပိုင်းသို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဉယျာဉ်ကျောင်းမှ ကိုရင်ငါးပါးကျည်စထိမှန်ပြီး တပါးပျံလွန်တော်မှုကာ လေးပါးထိခိုက် ဒဏ်ရာရခဲ့ကြောင်းနှင့် လူးထရပ်ကွက်၌ အဘွားအိုတဦးနှင့် ကလေးငယ်တဉီးသေဆုံးသည့်အပြင် မိုးကုတ်အနောက်ပိုင်း အောင်သုခရပ်ကွက်ရှိ နေအိမ် တလုံးပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသမီးတဉီးသေဆုံးသွားကြောင်း TNLA က ထုတ် ပြန်ထားသည်။

ဇွန်လ ၂၉ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုများ၌လည်း နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲကာ မီးလောင် ကျွမ်းခြင်းနှင့် လူသူအထိအခိုက်များရှိကြောင်း ဒေသခံများကပြောသည်။ သို့သော် တိုက်ပွဲဖြစ်ပွားနေဆဲကာလဖြစ် သောကြောင့် ထိခိုက်မှုအရေအတွက်နှင့် အသေးစိတ်အခြေအနေများကို အတည်ပြု၍မရသေးကြောင်း မိုးကုတ်မြို့ ခံများကဆိုသည်။

ဇွန်လ ၂၅ ၇က်နေ့ကစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်တိုက်ပွဲများအတွင်း ကျောက်မဲ၊ နောင်ချိုနှင့် မိုးကုတ်မြို့တို့မှ အရပ်သား ၂၂ ဦးသေဆုံးပြီး ၃၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိထားသည်ဟု TNLA က ယနေ့ (ဇွန်လ ၃၀ ရက်) မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ