တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို တန်ပြန်ရန် အမေရိကန် Exim ဘဏ်က ကန့်သတ်မှုများ လျော့ပေါ့စေရေး တောင်းခံ

တရုတ်၏ ခါးပတ်လမ်းရပ်ဝန်း စီမံကိန်း (BRI) ကို တန်ပြန်ရန် အဓိကအားဖြင့် တာဝန်ပေးထားသည့် အမေရိကန်အေဂျင်စီသည် ယခုအခါ နောက်ထပ် လုပ်နိုင်စွမ်းများ ရကောင်းရလာနိုင်သည်။

တရုတ်အစိုးရ ပံ့ပိုးပေးအပ်သည့် ပို့ကုန်ဆိုင်ရာ ထောက်ပံ့ငွေများနှင့် ဘဏ္ဍာငွေကြေးများကို တန်ပြန်ရန်အလို့ငှာ မိမိတို့၏ ချေးငွေ အစုစုအပေါ်တွင် ရှိနေသည့် ကန့်သတ်ချက်များ လျော့ပေါ့စေရေးအတွက် အမေရိကန် ပို့ကုန်-သွင်းကုန်ဘဏ် (Exim) ၏ ဥက္ကဋ္ဌ ရီတာ ဂျို လူးဝစ်က ဇွန်လ ၂၇ ရက်က အမေရိကန်အောက်လွှတ်တော် အထောက်အကူပြု ဘဏ္ဍာရေးလုပ်ငန်းများ ကော်မတီတရပ်ရှေ့မှောက် သက်သေခံရာတွင် တောင်းဆိုခဲ့သည်။

၂၀၁၉ ခုနှစ်က ဘဏ်၏ လုပ်ပိုင်ခွင့်ကို ကွန်ဂရက်လွှတ်တော်က ပြန်လည်ခွင့်ပြုခဲ့ချိန်၌ ထူထောင်ခဲ့သော Exim ဘဏ်၏ “တရုတ်နှင့် ပြောင်းလဲဖြစ်ပေါ်သော ပို့ကုန်များ အစီအစဉ်- CTEP” ဘောင်အတွင်း အဆိုပါ ရင်းနှီးငွေများကို လုပ်ဆောင်သည်။ CTEP သည် AI နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ အပါအဝင် “ပြောင်းလဲမှုရှိသော ပို့ကုန် နယ်ပယ်ဧရိယာ” ၁၀ ခု၌ အမေရိကန်၏ ဆက်လက်ဦးဆောင်မှုကို သေချာစေရန် ရည်ရွယ်သည်။

အမေရိကန် Exim ဘဏ်သည် အမေရိကန်၏ တရားဝင် ပို့ကုန်ချေးငွေ အေဂျင်စီ ဖြစ်ပြီး အမေရိကန် ကုန်စည်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ပြည်ပတင်ပို့မှုကို လွယ်ကူသက်သာစေရေး လုပ်ဆောင်ရန် တာဝန်အပ်နှင်းခံထားရသည်။

Exim ဘဏ်၏ လုပ်ပိုင်ခွင့်ကို လွယ်ကူချောမွေ့စေရေး ဘဏ်အနေဖြင့် နောက်ထပ် မည်သည်တို့ကို လိုအပ်သလဲ ဆိုပြီး ကော်မတီ အဖွဲ့ဝင်များက မေးမြန်းခဲ့ရာတွင် ဘဏ်ဥက္ကဋ္ဌ လူးဝစ်က CTEP ချေးငွေများအတွက် အလုံးစုံသက်ရောက်သည့် ကြွေးဆပ်ရန်ပျက်ကွက်မှုနှုန်းထား ကန့်သတ်ချက် ၂ ရာခိုင်နှုန်းကို ဖယ်ရှားရှင်းလင်းစေမည့် အစီအမံတခုကို တောင်းခံခဲ့သည်။

“ကြွေးဆပ်ဖို့ ပျက်ကွက်မှုနှုန်းထားက အမေရိကန် ပို့ကုန်တင်ပို့သူတွေကို ပံ့ပိုးပေးမယ့် Exim ဘဏ်ရဲ့ လုပ်နိုင်စွမ်းအတွက် အဓိက စိန်ခေါ်မှုတခုအဖြစ် ရှိစေပါတယ်” ဟု လူးဝစ်က ပြောသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက တရုတ် ပို့ကုန်-သွင်းကုန်ဘဏ်နှင့် အခြားသော ပို့ကုန်ဆိုင်ရာ ငွေထုတ်ချေးသူများမှာ အဆိုပါကန့်သတ်ချုပ်ချယ်မှုများအတိုင်း လုပ်ဆောင်ရခြင်း မရှိကြောင်း သူမက မှတ်ချက်ပြုသည်။

“CTEP လုပ်ငန်းကိစ္စတွေအတွက် ကြွေးဆပ်ဖို့ ပျက်ကွက်မှုနှုန်းထား ကန့်သတ်ချက်ဆိုင်ရာ ကင်းလွတ်ခွင့်ရဖို့ မိမိတို့ ကြိုးပမ်းနေပါတယ်” ဟု သူမက ပြောသည်။ “အဲဒီလိုသာဆိုရင် တရုတ်ကို တန်ပြန်ပြီး ပိုမို တက်ကြွထက်သန်စွာ ယှဉ်ပြိုင်လို့ ရစေနိုင်မှာဖြစ်သလို ပိုမိုစွန့်စားရတဲ့ နည်းပညာတွေနဲ့ ဈေးကွက်တွေကိုလည်း လိုလိုလားလား လက်ခံလို့ ရစေနိုင်မှာဖြစ်တယ်”
Exim ဘဏ် ဥက္ကဋ္ဌ လူးဝစ်ကို ထောက်ခံလျက်ဖြင့် တက္ကဆက်ပြည်နယ်မှ ရီပတ်ဘလစ်ကန်အမတ်တဦးဖြစ်သော အန်ဒီ ဘားကလည်း ကြွေးဆပ်ရန် ပျက်ကွက်မှုနှုန်း ကန့်သတ်ချက်ကို ၅ ရာခိုင်နှုန်းအထိ မြှင့်တင်မည့် ဥပဒေကို အမွှမ်းတင်သည်။ ထိုဥပဒေအရ ဆိုလျင် ကမ္ဘာ့ကုန်သွယ်မှုကို ကြီးထွားစေရန် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အမှတ်သင်္ကေတ အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည့် တရုတ် ခါးပတ်လမ်းရပ်ဝန်း စီမံကိန်းကို တန်ပြန်လျက် Exim ဘဏ်အတွက် ယင်း၏ လုပ်ငန်းကိစ္စများနှင့် ရပ်တည်မှုအနေအထားတွင် ပိုမို တက်ကြွထက်သန်စွာ လုပ်ဆောင်၍ ရစေလိမ့်မည် ဖြစ်သည်။

ကော်မတီ၏ စီနီယာ ဒီမိုကရက်တဦးဖြစ်သည့် အိုဟိုင်းယိုးပြည်နယ်မှ ဂျွိုက်စ် ဘတ်တီကလည်း သူမအနေဖြင့် ကြွေးဆပ်ရန်ပျက်ကွက်မှုနှုန်း အမြင့်ဆုံးသတ်မှတ်ချက် ၄ ရာခိုင်နှုန်းကို ထောက်ခံကြောင်း အဖွင့်စကားပြောဆိုစဉ် ပြောကြားသည်။

ထို့ပြင် Exim ဘဏ်၏ CTEP ငွေချေးမှုကို ဘဏ်၏ စုစုပေါင်း ငွေကြေးထောက်ပံ့မှု လုပ်ပိုင်ခွင့်၏ သုံးပုံတပုံသို့ မြှင့်တင်စေရန် ဆန္ဒရှိကြောင်း ဘားက ပြောသည်။

CTEP ချေးငွေများသည် လက်ရှိတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံရှိကြောင်းနှင့် ကြွေးဆပ်ရန်ပျက်ကွက်မှုနှုန်းက ၁ ဒသမ ၀၁၂ ရာခိုင်နှုန်း ရှိကြောင်း လူးဝစ်က ပြောသည်။