အရူနာချယ် ပရာဒေ့ရှ်ကို ပိုင်ဆိုင်ကြောင်း တရုတ်၏ ပြောဆိုမှုအပေါ် အမေရိကန် ပြင်းထန်စွာ ကန့်ကွက်

မေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်တ် ပါတဲလ်

DNA India

အမေရိကန်အနေဖြင့် အရူနာချယ် ပရာဒေ့ရှ်ကို အိန္ဒိယ၏ နယ်မြေအဖြစ် အသိအမှတ်ပြုကြောင်းနှင့် အိန္ဒိယ-တရုတ် နယ်စပ်ထိန်းချုပ်မျဉ်း (LAC) တလျောက် နယ်မြေပိုင်ဆိုင်ကြောင်း ပြောဆိုမှုများကို ရှေ့တိုးလုပ်ဆောင်မည့် တရုတ်၏ တဖက်သတ် ကြိုးပမ်းမှုတိုင်းကို “ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်” ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်တ် ပါတဲလ်က ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက နိုင်ငံအရှေ့မြောက်ပြည်နယ် အရူနာချယ် ပရာဒေ့ရှ်သို့ ခရီးစဉ်လာရောက်ပြီး ဖွံ့ဖြိုးရေး စီမံကိန်းများကို စတင်ပေးပြီးနောက် အဆိုပါ အရူနာချယ် ပရာဒေ့ရှ် ပြည်နယ်နှင့်ပတ်သက်ပြီး ပိုင်ဆိုင်ကြောင်း တရုတ်စစ်တပ်က ထပ်တလဲလဲ ပြောဆိုပြီး ရက်အနည်းငယ်အကြာတွင် အမေရိကန်သမ္မတ ဘိုင်ဒင် အစိုးရ၏ တရားဝင် ထုတ်ပြန်ချက် ထွက်ရှိလာခြင်း ဖြစ်သည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနသည် ယခုသီတင်းပတ်အစောပိုင်းက အရူနာချယ် ပရာဒေ့ရှ်အပေါ် ပိုင်ဆိုင်ကြောင်း ထပ်လောင်း ပြောဆိုပြီး အဆိုပါ အိန္ဒိယပြည်နယ်ကို “Zangnan- တရုတ်ပိုင်နက်နယ်မြေ၏ ရှိရင်းစွဲ အစိတ်အပိုင်းတခု” အဖြစ် သုံးနှုန်းခဲ့သလို ပေကျင်းအနေဖြင့် “အရူနာချယ် ပရာဒေ့ရှ် ဟု ဆိုပြီး အိန္ဒိယ၏ တရားမဝင် ထူထောင်ထားမှုအပေါ် ဘယ်သောအခါမှ အသိအမှတ်ပြုမည် မဟုတ်သလို အခိုင်အမာ ကန့်ကွက်သည်” ဆိုပြီး ပြောဆိုခဲ့သည်။

“Zangnan က တရုတ်ရဲ့ ရှိရင်းစွဲ နယ်မြေဖြစ်တယ်။ အရူနာချယ် ပရာဒေ့ရှ် ဆိုပြီး အိန္ဒိယရဲ့ တရားမဝင် ထူထောင်မှုအပေါ် တရုတ်အနေနဲ့ ဘယ်တော့မှ အသိအမှတ်မပြုသလို အခိုင်အမာ ကန့်ကွက်တယ်” ဟု တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အကြီးတန်းဗိုလ်မှူးကြီး ကျန်ရှောင်ကန်းက မတ်လ ၁၅ ရက်တွင် ပြောသည်။

မတ်လ ၂၀ ရက် သတင်းစာရှင်းလင်းပွဲတခုအတွင်း ထိုကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ပါတဲလ်က “အရူနာချယ် ပရာဒေ့ရှ်ကို အိန္ဒိယရဲ့ နယ်မြေအဖြစ် အမေရိကန်အနေနဲ့ အသိအမှတ်ပြုပါတယ်။ နောက်ပြီးတော့ တရုတ်နဲ့ အိန္ဒိယ နယ်စပ်ထိန်းချုပ်မျဉ်းတလျောက်မှာ စစ်ဖက် ဒါမှမဟုတ် အရပ်ဖက် ကျူးကျော်ဝင်ရောက်မှုတွေနဲ့ နယ်မြေပိုင်ကြောင်း ပြောဆိုမှုတွေကို ရှေ့တိုးလုပ်မယ့် တဖက်သတ် ကြိုးပမ်းမှုတိုင်းကို မိမိတို့ အခိုင်အမာ ဆန့်ကျင်ကန့်ကွက်တယ်” ဟု ပြောသည်။

အရူနာချယ် ပရာဒေ့ရှ်ကို ပိုင်ဆိုင်ကြောင်း တရုတ်၏ ပြောဆိုချက်များအပေါ် အိန္ဒိယက ထပ်တလဲလဲ ပယ်ချထားခဲ့ပြီး ထိုပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ တသားတည်းဖြစ်သော၊ ထာဝရဖြစ်သော ပြည်နယ်တခုဖြစ်သည်ဟု အခိုင်အမာ ပြောဆိုထားသည်။

အရူနာချယ် ပရာဒေ့ရှ်ပြည်နယ်ရှိ ပြည်သူပြည်သားများသည် အိန္ဒိယအစိုးရ၏ ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများမှ ဆက်လက် အကျိုးခံစားခွင့်ရလိမ့်မည် ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ မတ်လ ၁၉ ရက် တရားဝင်ထုတ်ပြန်ချက်တရပ်တွင် မှတ်ချက်ပြုသည်။

“အိန္ဒိယပြည်နယ် အရူနာချယ် ပရာဒေ့ရှ်ရဲ့ နယ်မြေအပေါ် ပိုင်ဆိုင်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ အဓိပ္ပါယ်မဲ့ ပြောစကားတွေကို မိမိတို့ သိထားတယ်။ ဒါနဲ့ပတ်သက်လို့ အခြေအမြစ်မရှိ ပြောဆိုချက်တွေ ထပ်တလဲလဲ လုပ်တာက ဘယ်လို ကျိုးကြောင်းညီညွတ်ခိုင်လုံမှုမျိုးကိုမှ ဖြစ်စေမှာမဟုတ်ဘူး” ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်းဟာ ဂျိုင်စ်ဝယ်လ်က ပြောသည်။

“အရူနာချယ် ပရာဒေ့ရှ်ဟာ အိန္ဒိယရဲ့ သီးခြားခွဲထုတ်မရတဲ့၊ ထာဝရဖြစ်တဲ့ အစိတ်အပိုင်းတခုအဖြစ် အမြဲဖြစ်နေမှာပါ။ ဒီပြည်နယ်ရဲ့ ပြည်သူပြည်သားတွေဟာလည်း မိမိတို့ရဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ အခြေခံအဆောက်အအုံ ပရောဂျက်တွေကနေ အကျိုးအမြတ်တွေ ဆက်လက်ရရှိမှာပါ” ဟု ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြသည်။