ဥရောပသို့ တရုတ်ဝင်ရောက်စွက်ဖက်မှု ကူးစက်လာခြင်း

ပုံ − ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန X စာမျက်နှာမှ

The Times of Israel

ဥရောပတွင် တရုတ်သူလျှိုလှုပ်ရှားမှုများ ပြင်းထန်လာမှုကို မကြာသေးမီက အဖြစ်အပျက်နှစ်ခုက သက်သေပြနေသည်။

ချက်သမ္မတနိုင်ငံမြို့တော်ပရာ့ဂ်တွင် ၂၀၂၄ ခုနှစ် မတ်လက ထိုင်ဝမ်ဒုတိယသမ္မတ ရှောင်ဘီကင်း၏ ခရီးစဉ်ကို နောက်ယောင်ခံလိုက်သည်ဟု စွပ်စွဲခံရသည့် တရုတ်သံရုံးဝန်ထမ်းတဦးနှင့် ပတ်သက်သော  ချက်သမ္မတနိုင်ငံအစိုးရ၏ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာများတွင် ပထမဖြစ်ရပ်ကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် ဆွီဒင်အာဏာပိုင်များသည် နိုင်ငံတော်လုံခြုံရေးကို ဆိုးရွားစွာခြိမ်းခြောက်နိုင်သည်ဟု ဆိုကာ တရုတ်သတင်းထောက်တဦးကို နှင်ထုတ်ရန် အမိန့်ပေးခဲ့သည်။ အသက် ၅၇ နှစ်အရွယ် တရုတ်အမျိုးသမီးသည် ဆွီဒင်တွင် နေထိုင်သည်မှာ  နှစ် ၂၀ နီးပါးမျှရှိပြီဖြစ်ကာ စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားသည်။ အမှုနှစ်ခုစလုံးတွင် စုံစမ်းစစ်ဆေးမှုများ၏ရလဒ် မည်သို့ပင်ဖြစ်ပါစေ တရုတ်သူလျှိုလုပ်မှု သက်ဝင်လှုပ်ရှားနေဆဲဆိုသည်မှာ မြင်ရုံမျှပင် ဥပဒေကြောင်းအရ လုံလောက်သောအထောက်အထား ဖြစ်ဟန်ရှိသည်။ စုံစမ်းနေဆဲ နောက်ထပ်အမှုများစွာရှိနိုင်သောကြောင့် ယင်းဖြစ်ရပ်များသည် တစွန်းတစမျှသာ ရှိသေးသည်။

တရုတ်သံတမန်တဦးသည် လွန်ခဲ့သည်လက ပရာ့ဂ်တွင် ရှောင်၏ယာဉ်တန်းနောက်လိုက်နေစဉ် ရဲတပ်ဖွဲ့၏ ရပ်တန့်ခြင်းခံခဲ့ရသည်ဟု ပရာ့ဂ်အခြေစိုက် သတင်းဝက်ဘ်ဆိုက် Seznam Zpravy က တင်ပြပြီးနောက် ထိုင်ဝမ်က ပရာ့ဂ်ရှိ ၎င်း၏ကိုယ်စားလှယ်ရုံးအား ချက်သမ္မတနိုင်ငံ အာဏာပိုင်များထံ ဆက်သွယ်မေးမြန်းခိုင်းခဲ့ကြောင်းနှင့်  ချက်အာဏာပိုင်များက မှတ်ချက်ပေးခဲ့ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောထားသည်။

ထုတ်ပြန်ချက်တွင် ရှောင်သည် ပရာ့ဂ် အခြေစိုက်ပညာရှင်အဖွဲ့ Sinopsis ၏ ဖိတ်ကြားချက်အရ မတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ ချက်နိုင်ငံသို့ သွားရောက်ခဲ့ပြီး နှီးနှောဖလှယ်ပွဲတခုတွင် ဟောပြောခဲ့သည်ဟုဖော်ပြထားသည်။ အလားတူပင် အသက် ၅၇ နှစ်အရွယ် တရုတ်အမျိုးသမီးသတင်းထောက်တဦးကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဆွီဒင်လုံခြုံရေးဌာနက ဖမ်းဆီးခဲ့ပြီး ပြီးခဲ့သည့်အပတ်က စတော့ဟုမ်းရှိ အစိုးရမှ နှင်ထုတ်ခဲ့ကြောင်းနှင့် သူမအား ပြန်မလာရန် တားမြစ်ထားကြောင်း ဆွီဒင်ရုပ်သံလွှင့်ဌာန SVT က ထုတ်လွှင့်ခဲ့သည်။ နိုင်ငံခြားသားအချို့အား အထူးထိန်းချုပ်မှုဥပဒေအရ ပြည်နှင်ဒဏ်ပေးရေးဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်မှုကို ဧပြီလ ၄ ရက်က အစိုးရက ပယ်ချခဲ့ကြောင်း တရားရေးဝန်ကြီး ဂန်နာ စထရွန်မာက ၂၀၂၄ ခုနှစ် ဧပြီ ၉ ရက်တွင် Reuters သို့ ပြောကြားခဲ့သည်။

ချက်နိုင်ငံတွင် နောက်ယောင်ခံလိုက်ခြင်းဖြစ်ရပ်

ပရာ့ဂ်မြို့တွင် ထိုင်ဝမ်ဒုတိယသမ္မတအား နောက်ယောင်ခံလိုက်ခြင်းအကြောင်းကို ချက်နိုင်ငံအခြေစိုက် ပညာရှင်အဖွဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ ဥရောပစံနှုန်းစင်တာ၏ အကြီးအကဲ ဂျာကတ်ဂန်ဒါက ဧပြီ ၅ ရက်က လူမှုမီဒီယာတွင် ပို့စ်တင်ခဲ့သည်။ ရွေးကောက်ခံဒုတိယသမ္မတ ရှောင်ဘီကင်း၏ ယာဉ်တန်းသည် ပရာ့ဂ်လေဆိပ်မှ မြို့လယ်ခေါင်သို့ လာစဉ် မော်တော်ယဉ်တစီးက နောက်ကလိုက်နေခဲ့သည်ဟု ဆိုသည်။ ထိုသံသယဖြစ်ဖွယ်ကားသည် လမ်းဆုံတွင် မီးနီကိုဖြတ်ပြီး ကားတိုက်မှုဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ ချက်ရဲဌာနမှ ထိုကားကို ရပ်တန့်ခိုင်းခဲ့ပြီးစစ်ဆေးရာ ပရာ့ဂ်ရှိ တရုတ်သံရုံး၏ စစ်ဘက်ဆိုင်ရာ တရုတ်သံတမန်က မောင်းနှင်ကြောင်း တွေ့ရှိခဲ့သည်။ တရုတ်အစိုးရ၏စောင့်ကြည့်မှုသည် ပရာ့ဂ်ရှိ ရှောင်တည်းသည့်ဟိုတယ်အထိပင် ဖြစ်သည်။

ထိုဖြစ်ရပ်ဖြစ်ပွားပြီးနောက် ချက်နိုင်ငံခြားရေးဝန်ကြီးဌာနသည် တရုတ်သံအမတ်ကြီး ဖန်ဘောင်ကို ဆင့်ခေါ်ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ဂျန်လီပက်စကီက ဖန်၏ ရှင်းလင်းချက်အပေါ် မကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်း၏ ဝန်ကြီးဌာနသည် ထိုအမှုကို ပိတ်ပစ်ရန် မစဉ်းစားထားကြောင်းပြောသည်။ နိုင်ငံခြားရေးရာ၊ ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီဥက္ကဋ္ဌ ချက်နိုင်ငံအထက်လွှတ်တော်အမတ် ပါဗယ်ဖစ်ရှာက တရုတ်သံတမန်၏ အပြုအမူမှာ လူဆိုးဂိုဏ်းဝင်တယောက်ကဲ့သို့ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ကိုးကားလျက် အထက်လွှတ်တော်အမတ်က တရုတ်သံတမန်ကို နှင်ထုတ်သင့်သည်ဟု အကြံပြုခဲ့သည်။

ရှောင်က အဖွဲ့ဝင်ဖြစ်သည့် အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) မှ ဥပဒေပြုအမတ်များက အဆိုပါဖြစ်ရပ်အတွက် တရုတ်နိုင်ငံအား ပြစ်တင်ရှုတ်ချသဖြင့် ထိုင်ဝမ်တွင်လည်း နောက်ယောင်လိုက်ခံရမှု၏ နောက်ဆက်တွဲဂယက်များကို ခံစားခဲ့ရသည်။ တရုတ်သည် ထိုင်ဝမ်အပေါ်လည်း  ဝံပုလွေစစ်သည်သံခင်းတမန်ခင်း ကျင့်သုံးကြောင်း အမတ်များက ပြောသည်။ DPP ဥပဒေပြုလွှတ်တော် အတွင်းရေးမှူးချုပ် ဝူဇူယောင်က အကျပ်ကိုင်သော သံတမန်ရေးချဉ်းကပ်မှုကို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံအား တိုက်တွန်းလိုက်ပြီး နောက်ဆုံးဖြစ်ရပ်အတွက် တရုတ်နိုင်ငံကို ဝိုင်းဝန်းရှုတ်ချရန် ကမ္ဘာတဝန်းရှိ ဒီမိုကရေစီမဟာမိတ်များကို တောင်းဆိုလိုက်သည်။ ရှောင်သည် ပြီးခဲ့သည့်လက ချက်နိုင်ငံအပြင် ပိုလန်၊ လစ်သူယေးနီးယားနှင့် ဥရောပပါလီမန်သို့ သွားရောက်ခဲ့ပြီး ထိုင်ဝမ်နှင့် ချစ်ကြည်ရင်းနှီးသော ဥရောပပါလီမန်အမတ်များနှင့် တွေ့ဆုံခဲ့ကြောင်း ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက MOFA က ပြောသည်။

ဆွီဒင်က တရုတ်သတင်းထောက်ကို နှင်ထုတ်

ဆွီဒင်သည်  ၂၀၂၄ ခုနှစ် မတ်လကလည်း တရုတ်သတင်းထောက်တဦးကို နှင်ထုတ်ခဲ့ကြောင်း  ရိုက်တာသတင်းဌာနမှ ၂၀၂၄ ခုနှစ် ဧပြီလ ၉ ရက်တွင် ဖော်ပြခဲ့သည်။ သတင်းထောက်၏ ရှေ့နေ လျူထရင်းကာဒရူက စွဲချက်များသည် နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်ပြီး လျှို့ဝှက်ထားရမည်ဖြစ်သဖြင့် အသေးစိတ်အချက်အလက်များကို မပြောနိုင်ကြောင်း ပြောသည်။ ရုပ်သံလွှင့်ဌာန Sveriges Television (SVT) က စွဲချက်များနှင့် ပတ်သက်၍ အသေးစိတ်ကို မပြောကြားသော်လည်း ထိုအမျိုးသမီးသည် စတော့ဟုမ်းမြို့ရှိ တရုတ်သံရုံးနှင့် ဆက်စပ်သည့် ငွေပေးချေမှုများ လက်ခံရရှိခဲ့ကြောင်း ထုတ်လွှင့်ခဲ့သည်။ သူမသည် ဆွီဒင်နိုင်ငံသို့ လာသော တရုတ်အာဏာပိုင်များနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များကို လက်ခံတွေ့ဆုံခဲ့ပြီး ဆွီဒင်အရာရှိများနှင့် တွေ့ဆုံရန် စီစဉ်ပေးခဲ့ကြောင်း SVT က ပြောသည်။

စတော့ဟုမ်းမြို့ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတဦးက ၎င်း၏အစိုးရသည် တရုတ်နိုင်ငံသားများအား နေထိုင်ရာနိုင်ငံ၏ ဥပဒေများကို လိုက်နာရန် အမြဲတမ်း မှာကြားကြောင်းနှင့် တရုတ်နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို မချိုးဖောက်ဟု ဆွီဒင်မှ အာမခံပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ သူလျှိုလုပ်မှုဖြင့် စွပ်စွဲခံထားရသည့် သတင်းထောက်သည် နေထိုင်ခွင့်လက်မှတ်ရှိပြီး လွန်ခဲ့သောဆယ်စုနှစ် နှစ်ခုကတည်းက ရောက်ရှိနေကာ ဆွီဒင်နိုင်ငံသားနှင့် လက်ထပ်ထားသည်။

SVT ၏အဆိုအရ အဆိုပါအမျိုးသမီးသည် တရုတ်သံရုံးနှင့်လည်းကောင်း တရုတ်အစိုးရနှင့် အဆက်အသွယ်ရှိသော ဆွီဒင်မှလူများနှင့်လည်းကောင်း အချိတ်အဆက်ရှိသည်။ သူမသည် ဒိန်းမတ်၊ ဖင်လန်၊ အိုက်စလန်နှင့် နော်ဝေးရုပ်သံလွှင့်ဌာန NRK အပါအဝင် နော်ဝေးနှင့် ဥရောပမြောက်ပိုင်းနိုင်ငံများမှ သတင်းတက်ဆက်သည်။ ဆွီဒင်နှင့် တရုတ်နိုင်ငံတို့သည် အချင်းချင်း သူလျှိုလုပ်ကြောင်း စွပ်စွဲကြသည်မှာ ယခုဖြစ်ရပ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။ ၂၀၁၈ ခုနှစ်က ဆွီဒင်တရားရုံးတရုံးသည် တရုတ်အတွက် တိဗက်လူမျိုးများအား သူလျှိုလုပ်ပေးသော အမျိုးသားတဦးကို ထောင်ဒဏ် ၂၂ လချမှတ်ခဲ့သည်။ တိဗက်ရေးရာ ရေဒီယိုအသံလွှင့်ဌာနတွင် အလုပ်လုပ်နေသော တိဗက်လူမျိုး ဒေါဂျီဂိုင်ဆန်ကို တရားမဝင် ထောက်လှမ်းရေးလှုပ်ရှားမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။

နှစ်နှစ်အကြာတွင် တရုတ်နိုင်ငံအရှေ့ပိုင်း တရားရုံးတရုံးက တရုတ်နွယ်ဖွား ဆွီဒင်နိုင်ငံသား ကွေ့မင်ဟိုင်းကို တရုတ်ကွန်မြူနစ်ပါတီကို ဝေဖန်သည့် စာအုပ်များ ရောင်းချမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။ သူသည် ပြည်ပတွင် ထောက်လှမ်းရေးအချက်အလက်များ တရားမဝင်ပေးမှုဖြင့် တရားစွဲခံရသည်။ ဆွီဒင်သည် ကွေ့အား လွှတ်ပေးရန် တရုတ်ကို အဆက်မပြတ် တောင်းဆိုသော်လည်း တရုတ်က ကွေ့အပေါ် တရားမဝင် စွဲချက်တင်ခြင်းအတွက် နောင်တရဟန်မပြပေ။ ကွေ့သည် ၂၀၁၅ ခုနှစ်တွင် ပထမဆုံး ပျောက်ကွယ်သွားခဲ့ပြီး တရုတ်လုံခြုံရေးအဖွဲ့များက ထိုင်းနိုင်ငံရှိ ၎င်း၏ပင်လယ်ကမ်းစပ်ရှိ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပုံရသည်။ ထိုကိစ္စကြောင့် တရုတ်နိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်အား စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ကြသည်။ ထိုဆွီဒင်သံအမတ်သည် ကွေ့၏သမီးနှင့် တရုတ်စီးပွားရေးသမားနှစ်ဦးကြား ညှိနှိုင်းရန် တွေ့ဆုံပေးခဲ့မှုကြောင့် ဖြစ်သည်။ သံအမတ်ကြီး အန်နာလင်စတက်သည် နောက်ဆုံးတွင် အမှုမှ လွတ်မြောက်ခဲ့သည်။

ထို့ကြောင့် တရုတ်-ဥရောပ အပေါ်ယံဆက်ဆံရေးကို ခွာကြည့်လိုက်ပါက အောက်တွင် ဖုံးကွယ်ထားသော အယုံအကြည်မဲ့မှုများ ရှိနေသည်။ တရုတ်သည် သူလျှိုနှင့် သြဇာလွှမ်းမိုးမှုဆိုင်ရာ စစ်ဆင်ရေးများကို မဖြစ်မနေ လုပ်ဆောင်ရမည်ဟု မှတ်ယူထားသည်။