မြင်းခြံတွင် ရဲနှင့်ပျူစောထီးကို လိုင်းကြေးပေးကာ လောင်းကစားဝိုင်းများလုပ်လာ

မြင်းခြံတွင် ရဲနှင့်ပျူစောထီးကို လိုင်းကြေးပေးကာ လောင်းကစားဝိုင်းများလုပ်လာ

ဓာတု
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ရဲနှင့် စစ်ကောင်စီလက်ပါးစေ ပျူစောထီးတို့ကို လစဥ်လိုင်းကြေး ပေးဆောင်၍ မြို့ပေါ်ရှိရပ်ကွက်တိုင်း၌ ရုပ်ပုံလောင်းကစားဝိုင်းများ ပေါ်ပေါ်တင်တင် လုပ်ဆောင်လာ ကြောင်း ဒေသခံများထံမှ သိရသည်။


စစ်တပ်မှအာဏာသိမ်းပြီး ရှစ်လကျော်အကြာတွင် ရုပ်ပုံလောင်းကစားဝိုင်းများ အလုပ်ဖြစ်လာ၍ မြင်းခြံ မြို့ရှိ ရပ်ကွက်ပေါင်း ၂၀ တွင် လောင်းကစားဝိုင်းပေါင်း ၂၀၀ ဝန်းကျင်အထိရှိလာကြောင်း သိရသည်။
ထို့ပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်အနီးတွင် လောင်းကစားဝိုင်းများ နေ့စဥ် စည်ကားနေကြောင်း မြင်းခြံ မြို့ အမှတ်(၁)ရပ်ကွက်မှ ဒေသခံတဦးက မဇ္စျိမကိုပြောသည်။


“လူတွေကအလုပ်မရှိတော့ ဒါပဲလုပ်နေကြတာ။ ဒိုင်တွေကတော့ စကစတပည့်တွေ၊ သူတို့ပဲဒိုင်လုပ်လို့ရ တယ်။ ရပ်ကွက်တခုတည်းမှာပဲ ဝိုင်း ၁၀ ဝိုင်းအထက်ရှိတယ်။ ဝိုင်းတွေမှာ မိန်းမသားတွေ ပိုများတယ် စျေးလည်းမရောင်းကြတော့ဘူး၊ စက်လည်းမချုပ်၊ ဆေးလိပ်ခုံမှာမလိပ်ကြတော့ဘဲ တနေကုန်ထိုးနေကြ တာ။ တချို့ဆို ရှုံးလို့အိမ်တွေပေါင်၊ အကြွေးတွေတင် ဖြစ်နေကြတယ်” ဟု ၎င်းကပြောသည်။
အဆိုပါ ရုပ်ပုံလောင်းကစားပုံစံမှာ ရုပ်ပုံ ၂၄ ပုံတွင် မဲလိပ် ၂၄ လိပ်ပေးထား၍ တယောက်တလိပ်နှိုက်ကာ ရွေးထားသည့်ပုံ ပေါက်မဲကျလျှင် ကျပ် ၁၀၀ ဖိုးထိုးထားသည့်သူက ၂၂ ဆ၊ ၂၂၀၀ ကျပ်ရရှိသည့် လောင်း ကစားနည်းဖြစ်ကြောင်း သိရသည်။


ရုပ်ပုံလောင်းကစားဝိုင်း(ဒေသအခေါ် ပုံဝိုင်း)များမှာ မြင်းခြံမြို့အပြင် စစ်ကိုင်းတိုင်း မြင်းမူမြို့တွင်လည်း ပေါ်ပေါ်တင်တင် လုပ်ဆောင်နေကြသဖြင့် လမ်းဘေးတွင်လုပ်ဆောင်ခြင်းတွေ့ရှိပါက ပုဒ်မ(၈)က၊ (၁၆၈) ပုဒ်မ ၊ အိမ်ဝိုင်းအတွင်း လုပ်ဆောင်ခြင်းတွေ့ရှိပါက ပုဒ်မ(၉)က၊(၁၆၈)ပုဒ်မဖြင့် NUG တရားရုံးတော်တွင် ရုံးတင်၍ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)မှ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။


သို့သော် မြင်းခြံပလဖမှ ယင်းကဲ့သို့ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ဒေသခံများကဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ မြို့နယ်၊ ရပ်ကွက်ကျေးရွာအများစုတွင် လောင်းကစားဝိုင်းများတွင် ကျယ်လာသလို အွန်လိုင်းမှလောင်းကစားခြင်းများရှိနေသော်လည်း သက်ဆိုင်ရာ ရဲစခန်းများနှင့် အုပ် ချုပ်ရေးမှူးရုံးများက လိုင်းကြေးများကောက်ခံပြီး ဖမ်းဆီးအရေးယူခြင်းများမရှိသည့်အပြင် မျက်ကွယ် ပြုထားကြောင်း သိရသည်။
စာတည်း။ ။စောဖေ