မလေးရှားတွင် မော်ဒယ်ဖူးပွင့်ခိုင် အမှုဆက်လက်ရင်ဆိုင်နေရ

ပုံ- ဖူးပွင့်ခိုင် - လူမှုကွန်ရက်မှ…။

ကီရာ

မဇ္ဈိမ။ ။မလေးရှားနိုင်ငံ ၊ ပီနမ်းမြို့နယ် ဘာတာဝပ် မြို့ရှိ Royce Luxury ကလပ်တွင် ခွင့်ပြုချက်မရှိဘဲ ပွဲစီစဉ်မှုဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ရက်က အဖမ်းဆီးခံခဲ့ရသည့် မော်ဒယ် ဖူးပွင့်ခိုင်သည် ဖမ်းဆီးမိခဲ့ချိန်က မူးယစ်ဆေးသုံးထားသည့်အတွက် လက်ရှိအချိန်အထိ အမှုဆက်လက်ရင်ဆိုင်နေရကြောင်း မလေးရောက် မြန်မာလူမျိုးများထံမှ သိရသည်။

“ ဖူးပွင့်ခိုင်က ဆေးသုံးစွဲထားမှုနဲ့ အမှုရင်ဆိုင်နေရတုန်းပါပဲ။ လေးလပိုင်း ၁၅ရက်နေ့ဆိုရင် သူ့ရဲ့အမှု ရုံးချိန်းရှိပါတယ်”ဟု မလေးရောက်မြန်မာလူမျိုးတဦးက ပြောသည်။

ထို့အပြင် ယင်းပွဲလာရောက်ရာမှ အဖမ်းဆီးခံခဲ့ရပြီး နေထိုင်ခွင့်မရှိသည့်အတွက် ဆက်လက်အမှုရင်ဆိုင်နေရသည့် မြန်မာလူမျိုး ၁၅ဦးရှိကာ ယနေ့ မတ်လ ၂၇ရက်တွင် မြန်မာအမျိုးသားများမှာ ကြိမ်ဒဏ်တချက်နှင့်‌ ထောင်ဒဏ် ငါးလ ကျခံရပြီး အမျိုးသမီးများမှာ ထောင်ဒဏ် ငါးလစီ ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း မလေးရောက်မြန်မာ ကိုစိုးမောင်က ပြောသည်။

“အားလုံးပေါင်း ၁၇ယောက်မှာ နှစ်ယောက်က ပါမစ်ရှိတော့ လွတ်သွားတယ် ။ အဲ့မှာ ယောက်ျားလေး ခြောက်ယောက်က ကြိမ်ဒဏ်နဲ့ ထောင်ဒဏ်ပေါ့ ၊ တယောက်က ကလေးဆိုတော့ ကြိမ်ဒဏ်လွတ်တယ်။ မိန်းကလေးတွေကတော့ ထောင်ဒဏ် ငါးလပေါ့။ အခုက ချုပ်ရက်တွေတောင် နှစ်လကျော်နေပြီ ၊ လျော့ရက်တွေဘာတွေနဲ့ဆိုရင် လေးလပိုင်းကုန်လောက် လွတ်ပြီး မြန်မာပြည်ပြန်ပို့ခံရမှာပေါ့”ဟု မလေးရောက်မြန်မာ ကိုစိုးမောင်က ပြောသည်။

မူးယစ်ဆေးသုံးစွဲထားသည်ကို ဆီးစစ်ရာမှ တွေ့ရှိခြင်းသည် ထောင်ဒဏ် သုံးလ သို့မဟုတ် ငွေဒဏ် မလေးရှားရင်းဂစ် ၁,၅၀၀မှ ၂,၀၀၀အထိ ကျခံရနိုင်သည်ဟု မလေးရောက်မြန်မာလူမျိုးများအရေး လိုက်ပါကူညီနေသည့် ကိုသက်ထွန်းက ပြောသည်။

“ဆီးကျတဲ့ ပြစ်မှု တခုထဲဆိုရင်တော့ ဒဏ်ငွေဖြစ်စေ ထောင်ဒဏ်ဖြစ်စေ နှစ်ခုစလုံးဖြစ်စေ ထောင်ဒဏ်က သုံးလလောက်အထိကျနိုင်ပြီး ငွေဒဏ်က ရင်းဂစ် ၁,၅၀၀ နဲ့ ၂,၀၀၀ ဝန်းကျင်ကျနိုင်ပါတယ်။များသောအားဖြင့် နိုင်ငံခြားသာတွေက အထောက်အထားရှိရင် ငွေဒဏ်ကိုပဲ ယူကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ထောင်ဒဏ်ယူလိုက်ရင် နိုင်ငံခြားသား တယောက်က အထောက်အထား အပြည်အစုံရှိရင်တောင်မှ ထောင်ကနေ တိုက်ရိုက်ပြန်မလွတ်ဘဲ လဝက ထိန်းသိမ်းရေးစခန်းကို ပို့ခံရပြီး အဲဒီကနေတဆင့် မြန်မာနိုင်ငံကို ပြန်ပို့တာမို့လို့ ငွေဒဏ်ဆိုရင်တော့ တရားရုံးမှာ ဒဏ်ငွေဆောင်ပြီးရင် တရားရုံးကနေပဲ အပြင်ကို ပြန်ထွက်ရပြီး ကိုယ်စိတ်ကြိုက် နေ့ရက်မှ အေးဆေး ခရီးသည်တယောက်လိုပြန်လို့ရတယ်”ဟု ကိုသက်ထွန်းက ဆိုသည်။

ယင်းအမှုသည် ဓာတုစမ်းသပ်ချက် အဖြေမရမချင်း အမိန့်ချမှတ်မရသည့်အတွက် အချိန်အားဖြင့် နှစ်လဝန်းကျင်အထိ ကြာမြင့်တတ်သည်ဟု ကိုသက်ထွန်းက ပြောသည်။

မော်ဒယ်ဖူးပွင့်ခိုင်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် အဆိုတော်အေမီဈာန်သည် ဖမ်းဆီးခံရပြီး ၁၀ရက်အတွင်း ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး မော်ဒယ် ဖူးပွင့်ခိုင်မှာ အာမခံဖြင့် အချုပ်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း လက်ရှိအချိန်ထိ အမှုဆက်လက်ရင်ဆိုင်နေရခြင်း ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)