တရုတ်ထုတ် EV လျှပ်စစ်ကားမီးလောင်မှုမှာ ထုတ်လုပ်မှုပုံစံ ချို့ယွင်းချက်ကြောင့် မဟုတ်ကြောင်း KSD Myanmar ထုတ်ပြန်

တရုတ်ထုတ် EV လျှပ်စစ်ကားမီးလောင်မှုမှာ ထုတ်လုပ်မှုပုံစံ ချို့ယွင်းချက်ကြောင့် မဟုတ်ကြောင်း KSD Myanmar ထုတ်ပြန်

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၌ အောက်တိုဘာလ ၅ ရက် ညပိုင်းက မီးလောင်ကျွမ်းခဲ့သော တရုတ်ထုတ် EV လျှပ်စစ်ကား လောင်ကျွမ်းရသည့်အကြောင်းအရင်းမှာ ထုတ်လုပ်မှု ပုံစံချို့ယွင်းချက်ကြောင့် မဟုတ်ကြောင်း KSD Myanmar က ထုတ်ပြန်သည်။

ကားမီးလောင်မှုဖြစ်ပွားပြီး နောက်တနေ့ အောက်တိုဘာ ၆ ရက်နေ့တွင် ကားရောင်းချသည့် သာဓုကန်စက်မှုဇုံ KHAING KHAING SANGDA ကုမ္ပဏီမှ တာ၀န်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးရာ၌ ကုမ္ပဏီမှရောင်းချထားသည့်အတိုင်းမဟုတ်ဘဲ စီးနင်းအသုံးပြုသူက ၎င်း၏ သဘောဆန္ဒအတိုင်း ( 660 cc ) အင်ဂျင် နှင့် ဂီယာဘောက် တပ်ဆင်ပြီးBattery Charging သွင်းသည့်စနစ် နှင့် ဝါယာရိန်း စနစ် ပြောင်းလဲတပ်ဆင် အသုံးပြုထားသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဘာကြောင့်လောင်နိုင်တယ်ဆိုတဲ့ အဖြေကို သိဖို့အရေးကြီးတယ်။ အဲ့ဟာတစ်ခုပဲ။ စက်ရုံကထုတ်ပြန်တယ်ဆိုတဲ့ဟာကိုလည်း သိပ်တော့သဘောမကျဘူး။ ပြီးလို့ဆိုရင် အဲ့ပိုင်ရှင်ပြောထားတဲ့ပုံစံတွေကိုလည်းသဘောမကျဘူး။ စက်ရုံနဲ့ ဒီကောင်နဲ့ ညှိပြီးတော့သိတယ်မလား မင်းဒီလို ဒီလိုပြော ပုံစံမျိုးနဲ့ ငါတို့ကို ဒီလိုပြောပေး ဒီလိုဖြစ်စေရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ပြောသလိုမျိုးတောင်ခံစားရတယ်ကွာ ” ဟု ရန်ကုန်မြို့ရှိ ကားအကြောင်း နှံ့စပ်သူတစ်ဦးက ၎င်း၏ ထင်မြင်ချက်ကိုပြောသည်၊

ကုမ္ပဏီဘက်မှ​ ထုတ်ပြန်ဖြေရှင်းချက်နှင့် ပတ်သက်၍ ပြည်သူလူထုအကြား ဝေဖန်မှုမြင့်တက်လျက်ရှိသဖြင့် မဇ္ဈိမမှ KSD Myanmar ဖေစ့်ဘွတ်ပေ့ချ်နှင့် ၎င်းတို့၏ မေလ်းမှတဆင့်ဆက်သွယ်ရာ လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်းမပြုသေးပေ။

လျှပ်စစ်ကားများနှင့် ပတ်သက်၍ တင်သွင်းမှုကို ဦးစားပေးခွင့်ပြုရန် စစ်ကောင်စီက မူဝါဒချမှတ်ထားပြီး ဘက်ထရီစွမ်းအင်သုံးကားများကို အကောက်ခွန်ကင်းလွှတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားသလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ရန်ကုန်နှင့် နေပြည်တော်မြို့တို့တွင် လျှပ်စစ်ကား တက္ကစီများပြေးဆွဲနိုင်ရေးကိုလည်း စီစဉ်လျက်ရှိသည်။

လျှပ်စစ်ကားတင်သွင်းမှုကို ကုမ္ပဏီ ၂၆ ခု ခွင့်ပြုထားပြီး EV(Electric Vehical) လျှပ်စစ်ကား တစ်စီးတန်ဖိုးမှာ စျေးကွက်အတွင်း မြန်မာငွေ သိန်း ၆၀၀ မှာ ၇၀၀ ကြားရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး