ထန်တလန်မြို့တိုက်ပွဲ နှစ်ဖက်အကျအဆုံးရှိ

ထန်တလန်မြို့တိုက်ပွဲအတွင်းကျဆုံးသွားသည့်ချင်းကာကွယ်‌ရေးရဲဘော် ဓါတ်ပုံ - Zofa Journal

ပုံအညွှန်း – ထန်တလန်မြို့တိုက်ပွဲအတွင်းကျဆုံးသွားသည့်ချင်းကာကွယ်‌ရေးရဲဘော် ဓါတ်ပုံ – Zofa Journal

ပါခွီး (မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ထန်တလန်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ အောက်တိုဘာ ၁၂ရက်နေ့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၂ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးချင်းကာကွယ်ရေးရဲ‌ဘော်နှစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိထားကာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဟွားငိုလ်းရမ်း(CDF – Hualngoram) မှ အသက်(၂၄)နှစ်အရွယ်ရဲဘော်နှင့် နောက်တဦး ကျဆုံးခဲ့ခြင်းဟု သိရသည်။ ဒဏ်ရာရသူ သုံးဦးကို ဆေးကုသပေးနေရဆဲဖြစ်သည်။ စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။


ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ” စစ်ကောင်စီဘက်မှာ ဒဏ်ရာရတဲ့သူတွေလည်းများတယ်” ဟုဆိုသည်။
ထန်တလန်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ရက်နေ့ တိုက်ပွဲ၌ ဆေးရုံနှင့် စာသင်ကျောင်းနေရာကို ကောင်စီတပ်တပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးခြောက်လုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ချင်းကာကွယ်ရေးရဲဘော်များကပြောသည်။ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဟုဆိုသည်။

စစ်တပ်က နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ထန်တလန်မြို့တွင် ၂၀၂၁ခုနှစ် စက်တင်ဘာ ၁၈ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ စစ်ကောင်စီကလည်း ထန်တလန်မြို့ကို အကြိမ်ကြိမ်တိုက်ခိုက်နေရာ ဒေသခံများ နေရပ်စွန့် ခွာခဲ့ကြရပြီး အနီးပတ်ဝန်းကျင်ရွာများနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ သွားရောက် ခိုလှုံနေကြရကြောင်း သိရသည်။ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် ချင်းကာကွာကွယ်ရေးတပ်ဖွဲ့များက ထန်တလန်မြို့အား ထိန်းချုပ်ရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ဆောင်နေသည်။


လတ်တလော ထန်တလန်မြို့ စစ်ရေးနှင့် ဒေသတွင်း အခြေအနေများကိုသိရှိနိုင်ရန် CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို မဇ္ဈိမက ဆက်သွယ်ရာ ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်အသွယ်မရရှိသေးပေ။


စာတည်း – အေးချမ်း