အလင်း၀င်မည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အာမခံချက် ၅ ခုဖြင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖိတ်ခေါ်

အလင်း၀င်မည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အာမခံချက် ၅ ခုဖြင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖိတ်ခေါ်

အလင်း၀င်မည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အသက်ဘေးအန္တရာယ်ကင်းဝေးစေကာ မိသားစုဆွေမျိုးများနှင့် အမြန်ပေါင်းစည်းခွင့်ရအောင် ဆောင်ရွက်ပေးမည်ဟူသော အာမခံချက်ပေးပြီး မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က လက်နက်ချအလင်းဝင်ရန် ဖိတ်ခေါ်လိုက်သည်။

‌မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က အလင်း၀င်မည့်သူများကို အာမခံသည့် အချက်ငါးချက်မှာ (၁) အသက်၊ အန္တရာယ်လုံခြုံရေးကို အထူး အာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်ရ အောင် ဆောင်ရွက်ပေးမည်။ (၂) မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှုမျိုးမှ မပြုလုပ်။ (၃) မိသားစု၊ ဆွေမျိုးများနှင့် အမြန်ဆုံး ပြန်လည် ပေါင်းစည်းခွင့်ရအောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမည်။ (၄) လမ်းခရီးတွင် သွားလာရန်အတွက် လိုအပ်မည့် ခရီးစရိတ်များကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးမည်။ (၅) မကျန်းမမာဖြစ်နေသော သူများကိုလည်း မိမိတို့တွင်ရှိသော ကျန်းမာရေး ဝန်ဆောင်မှု စောင့်ရှောက်မှုများဖြင့် အတတ်နိုင်ဆုံး စောင့်ရှောက်သွားမည် စသည်တို့ဖြစ်သည်။

စစ်ကောင်စီနှင့် ပူးပေါင်းပြီး နိုင်ငံတော်ကို ဒုက္ခပေးနေသည့် လုပ်ဆောင်ချက်များကို ရပ်ဆိုင်းပြီး လာရောက်ပူးပေါင်းကြရန် MNDAA ပြောခွင့်ရပုဂ္ဂိုလ် ‌ဦးကျော်နိုင်၏ပြောကြားချက်လည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကိုးကန့် MNDAA ၊ ရက္ခိုင့်တပ်တော် AA နှင့် တအာင်း TNLA က အောက်တိုဘာ ၂၇ ရက်မှစတင်၍ စစ်ဆင်ရေး ၁၀၂၇ ကို ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်အထိ စစ်ကောင်စီ စခန်းကြီး၊ စခန်းငယ်၊ စစ်ဘက်ဆိုင်ရာ တပ်စခန်းပေါင်း ၈၀ ကျော်ကို သိမ်းဆည်းထားပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် သိန္နီမြို့များကို အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

သိမ်းဆည်းရမိသော စခန်းအရေအတွက်နှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသော်လည်း စစ်ဆင်ရေးစတင်ပြီးသည့်အချိန်မှစ၍ စစ်ကောင်စီတပ်စခန်းများကိုလျင်မြန်စွာသိမ်းယူနိုင်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နိုင်ငံနှင့်နယ်နမိတ်ချင်းထိစပ်လျက်ရှိသော ချင်းရွှေဟော်မြို့နှင့် မူဆယ်ခရိုင် မုံးကိုးမြို့နယ် ဖောင်းဆိုင်မြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်ကာ သိန္နီနှင့် နောင်ချိုမြို့တို့ကို မြို့ပြင်မှဝိုင်းပတ်ပိတ်ဆို့ထားကာ ၎င်းတို့အခေါ် “ထိန်းထား”သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်မှ ရဲနှင့် စစ်သားများ အစုလိုက်အပြုံလိုက်သေဆုံးနေသော ဓာတ်ပုံ၊ ဗီဒီယိုများလည်း လူမှုကွန်ရက်တွင်ထွက်ပေါ်လာခဲ့ပြီး လက်နက်ချအညံ့ခံမှုများလည်း ရှိနေခဲ့သည်ဟု ညီနောင်သုံးဖော်ဘက်က ထုတ်ပြန်ချက်များအရ သိရသည်။

အောက်တိုဘာ ၃၀ ရက်တွင် စစ်ကောင်စီ၏ ခလရ (၁၄၃) တပ်ရင်း တစ်ခုလုံး အလင်းဝင်ခဲ့ရာ စစ်သား ၄၁ ဦးကို တဦးလျင် ကျပ် ၁၅ သိန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၇၀၀ ကျော် ချီးမြှင့်ခဲ့သည်ဟု သိရသည်။