ရေစကြိုမြို့ ရေလယ်ကျွန်းဒေသခံများ စစ်ဘေးရော ရေဘေးပါ ရင်ဆိုင်နေရ၊ ရွာ ၆ ရွာကို စစ်ကောင်စီတပ်မီးရှို့

ရေစကြိုမြို့ ရေလယ်ကျွန်းဒေသခံများ စစ်ဘေးရော ရေဘေးပါ ရင်ဆိုင်နေရ၊ ရွာ ၆ ရွာကို စစ်ကောင်စီတပ်မီးရှို့

ဓာတ်ပုံ- ရေလယ်ကျွန်းဒေသရှိစစ်ဘေးရှောင်များ၊ စစ်တပ်မှမီးရှို့နေသည့်ရွာများ

ဓာတု (မဇ္ဈိမ) ။ ။ စစ်ကောင်စီက စစ်ကြောင်းထိုးနေ၍ မကွေးတိုင်း ရေစကြိုမြို့ ရေလယ်ကျွန်းဒေသတွင် ယနေ့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံ ၂,၀၀၀ ခန့်သည် စစ်ဘေးရော ရေဘေးပါ ရင်ဆိုင်နေရပြီး သက်ကြီးရွယ်အိုနှင့် ကလေးများ အဓိကဒုက္ခရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာပေါင်း ၁၅ ရွာမှဒေသခံထောင်ချီမှာ ဘေးလွတ်ရာသို့ စက်လှေ၊ ဆိုင်ကယ်၊ နွားလှည်းများဖြင့် အသီးသီးထွက်ပြေးတိမ်းရှောင်နေကြရာ မိုးသည်းထန်စွာရွာသွန်း၍ ယင်းစစ်ဘေးရှောင်များမှာ ရေဘေးပါ တွေ့ကြုံနေရပြီး အဓိကအမိုးအကာများ၊ စားစရာ၊ သောက်သုံးရေနှင့်ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။
“မနေ့က စစ်တပ်ကစစ်ကြောင်းထိုးတော့ တချို့ဆို ရုတ်တရက်ထပြေးလာရတော့ အဝတ်အစား၊ စားစရာတွေမပါလာဘူး၊ မိုးကလည်း ရွာလိုက်တော့ သက်ကြီးပိုင်းနဲ့ကလေးတွေ အဓိကဒုက္ခရောက်တယ်။ ရွာထဲပြန်ယူဖို့ကလည်း သူတို့( စစ်ကောင်စီ)က ရွာထဲကထွက်ပြေးနေတဲ့နေအိမ်တွေထဲ တအိမ်ဝင်တအိမ်ထွက် ပစ္စည်းတွေကို လှည်းတိုက်ယူနေတယ်။ အခုလည်း ရွာတွေကိုလည်း အခုထိမီးရှို့နေတယ်။ မနေ့ကလည်း ကျောက်ဖူးရွာကရိပ်သာကျောင်းကို မီးရှို့သေးတယ်”ဟု စစ်ဘေးရှောင်ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်မှ ယနေ့အောက်တိုဘာလ ၁၃ ရက် တိုက်ပွဲအပြီး နေ့လယ် ၂နာရီမှစ၍ ရေလယ်ကျွန်းဒေသရှိ လှေခုတ်၊ ဆင်တဲ၊ ခြံယာ၊ နွယ်နီ၊ကျောက်ဖူး၊ ငတရော် ကျေးရွာတို့တွင် လက်ရှိအချိန်ထိ မီးတင်ရှို့နေရာ ဒေသခံများ၏ ဆိုင်ကယ်၊ အဝတ်အစားများကို ပြန်ယူမည်စိုးသဖြင့် အဓိကထား မီးရှို့နေကြောင်း ရွာတွင်းကျန်ခဲ့သည့် နီးစပ်ရာဒေသခံများကဆိုသည်။

ထို့အပြင် ရွာထဲရှိနေအိမ်များမှလက်ဝတ်ရတနာနှင့် တန်ဖိုးကြီးပစ္စည်းများကိုမူ လှည်းတိုက်ယူဆောင်၍ ဧရာဝတီမြစ်တဖက်ကမ်း မြင်းခြံမြို့ဘက်သို့စက်လှေများနှင့် သယ်ဆောင်သွားကြောင်းသိရသည်။
စစ်ကောင်စီတပ်နှင့် မဟာမိတ်အင်အားစုများ ယနေ့ နေ့လယ် ၁ နာရီအချိန်တွင် ပေ ၁၀၀ ပတ်လည်သာအကွာအဝေးရှိသည့် နေအိမ်လမ်းကြိုလမ်းကြား လှေခုတ်ကျေးရွာ၌ အနီးကပ် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဒုတိယအကြိမ်မြောက်ဖြစ်ပွားခဲ့သည်။

အထိအခိုက်အကျအဆုံးစာရင်းအတိအကျကို မသိရသေးကြောင်း မဟာမိတ်အင်အားစုတွင်ပါဝင်သည့် မြင်းခြံ ပကဖအဖွဲ့ဝင်တဦးကပြောသည်။
အဆိုပါတိုက်ပွဲမဖြစ်ခင်နာရီပိုင်းအလို ရေစကြိုဘက်မှလာသည့် အင်အား ၈၀ ခန့် စစ်ကောင်စီတပ်ဖွဲ့သည် ရေလယ်ကျွန်းမြောက်ဘက်ခြမ်းနှင့် မြင်းခြံဘက်မှလာသည့် အင်အား ၁၀၀ ဝန်းကျင်အဖွဲ့မှာ ရေလယ်ကျွန်းတောင်ဘက်ခြမ်းသို့ စစ်ကြောင်းများကို နှစ်ကြောင်းခွဲ၍ ဖြန့်ကြက်ထိုးခဲ့ခြင်းဖြစ်သည်။
“ကိုယ်တွေဘက်က ၄၀ မမ နဲ့ပစ်တာ ဟိုဘက်ကကောင်(စစ်ကောင်စီ) ဦးနှောက်ပွင့်ထွက်သွားတယ်။ ကျန်တဲ့အသေအပျောက်စာရင်းတော့ မသိရသေးဘူး။ လောလောဆယ် ကျွန်တော်တို့ဘက်က ခဏတပ်ဆုပ်ထားတယ်”ဟု မြင်းခြံ ပကဖအဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၁၂ နေ့တွင် ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းစတင်ထိုးလာသဖြင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် နှစ်ဘက်ထိတွေ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အထိအခိုက်အသေဆုံးများကြောင်း မဟာမိတ်အင်အားစုအဖွဲ့ထံမှ သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)ကလည်း ယခုရက်ပိုင်း မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် မိုးကောင်းနိုင်၍ ရေဘေးသတိပြုရန် သတိပေးထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)