နမ္မတူမြို့ အဝင်အထွက်လမ်းပိုင်းများတွင် စစ်ကောင်စီမိုင်းထောင်ထားသောကြောင့် သွားလာရေးခက်ခဲ‌ဟု ဒေသခံများပြော

ဇန်နဝါရီ ၂၆ ရက်နေ့က နမ္မတူမှ လားရှိုးသို့ သွားရာ အီနိုင်းတံတားရှောင်လမ်းတွင် ကားသမားတဦး မိုင်းထိသည့်မြင်ကွင်း

ရွှေနွယ်

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့မှ လားရှိုးနှင့် မူဆယ်သို့ သွားရာလမ်းပိုင်း၊ သီပေါမှတဆင့် မန္တလေးသို့ သွားရာလမ်းပိုင်းတို့တွင် စစ်ကောင်စီတပ်မှ မိုင်းထောင်ထားသောကြောင့် သွားလာရေးအခက်ကြုံနေကြရကြောင်း ဒေသခံများနှင့် ခရီးသွားများက ပြောသည်။

နမ္မတူမြို့မှ လားရှိုးသို့ သွားရာလမ်းတွင်ရှိသည့် အီနိုင်းတံတားဖျက်ဆီးခံရပြီးနောက် တံတားရှောင်တောလမ်းနှင့် ချောင်းကိုဖြတ်၍ ရွာများအတွင်းမှသွားလာသော တောလမ်းဟူ၍ နှစ်လမ်းရှိရာ လက်ရှိတွင် အဆိုပါတောလမ်းများ၌ စစ်ကောင်စီတပ်မှ မိုင်းထောင်ထားခြင်းဖြစ်ကြောင်း နမ္မတူဒေသခံများက မဇ္ဈိမကိုပြောသည်။

” အီနိုင်းရဲ့အပေါ်မှာ တောလမ်းနှစ်လမ်းရှိတယ်ပေါ့နော်။ အဲ့လမ်းတွေမှာ မိုင်းထောင်ထားတယ်။ နောက်ပြီး စစ်ကောင်စီက ပေးမဖြတ်ဘူး။ ကားတွေသိမ်းခံရသူတွေရှိတယ်။ စစ်ကောင်စီက မိုင်း ထောင်တယ်လို့ ဘာလို့ပြောနိုင်လဲဆိုရင် သူတို့ကိုယ်တိုင်ကားသမားတွေကို သတိပေးတာကြောင့်ပါ။ ၂၆ ရက်နေ့ကတော့ ရပ်ကွက် (၈) က ကားသမားတဦး မိုင်းထိလို့ ခြေထောက်ဖြတ်လိုက်ရပါတယ်” ဟု နမ္မတူမြို့ဒေသခံတဦးမှမဇ္ဈိမကိုပြောသည်။

အီနိုင်းတံတားကို ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်ခဲ့သည်။ ထို့နောက်ပိုင်းတွင် ဒေသခံများနှင့်ခရီးသွားများသည် တောလမ်းများကိုအသုံးပြု၍ သွားလာနေကြရကြောင်း သိရသည်။

“လုံးဝမိုင်းထောင်ထားတာကတော့ တံတားရှောင်တောလမ်းပေါ့။ ကားသမားမိုင်းထိတာလည်း အဲ့လမ်းမှာပဲ။ အခုက ချောင်းကို လမ်းလျှောက်ဖြတ်ပြီး ဟိုဘက်ကျမှ ကြုံရာစီးပြီးသွားတဲ့ပုံစံနဲ့ပဲ ဒေသခံတွေကတော့သွားနေကြရတယ်။ ရွာတွေထဲကို ဖြတ်ပြီးသွားတယ်ဆိုတာကလည်း တနေကုန်အောင်အချိန်ပေးရတယ် လားရှိုးရောက်ဖို့ကို” ဟု နမ္မတူ−လားရှိုး သွားလာနေသည့် ယာဉ်မောင်းတဦးကပြောသည်။

ပုံမှန်အခြေအနေတွင် နမ္မတူမှ လားရှိုးသို့သွားရန် အချိန် နှစ်နာရီခန့်သာကြာမြင့်သော်လည်း လက်ရှိတွင် ကုန်ကားများလုံးဝသွားလာ၍ မရသည့်အပြင် လူတဦးချင်းသွားလာလျှင်ပင် တနေ့ကုန်အောင်အချိန်ပေးရကြောင်း နမ္မတူဒေသခံများက ဆိုသည်။

နမ္မတူမှ မန္တလေးသို့ သွားလာရန် ယခင်က သီပေါလမ်းမှသွားလေ့ရှိသော်လည်း လက်ရှိတွင် သီပေါလမ်းပိုင်းရှိ မိုးတေတံတားပျက်စီးနေခြင်းနှင့်အတူ လမ်းပိုင်းစိတ်မချရခြင်းတို့ကြောင့် နမ့်ဆန်မြို့မှတဆင့် ကျောက်မဲမြို့ဘက်မှ ပတ်၍ သွားလာနေရကြောင်း သိရသည်။ အဆိုပါလမ်းပိုင်းသည် လမ်းကြောရှည်၍ ကုန်ကျစားရိတ်ပိုများကြောင်းနှင့် အချိန်ပိုပေးရကြောင်း ဒေသခံများမှဆိုသည်။

“လက်ရှိမှာ ကုန်စည်စီးဆင်းရေးက အဆိုးဆုံးအခြေအနေပဲ။ မန္တလေးဘက်ထွက်တယ်ဆိုတာလည်း ကားသေးပဲ တဦးကို တသိန်းကျော်တယ် ကားခ။ ကုန်စည်စီးဆင်းမှုက အရင်တည်းက မန္တလေးထက် လားရှိုးပေါ်မှာ ပိုပြီးမှီတည်တယ်လေ။ အခုကတော့ လားရှိုးက လုံးဝသွားမရသလောက်ဖြစ်နေတယ်” ဟု နမ္မတူဒေသခံကပြောသည်။

နမ္မတူမြို့ခံများအနေဖြင့် နမ္မတူမှ ဝင်ထွက်သွားလာရာတွင် TNLA ထံမှ ခွင့်ပြုချက်ထောက်ခံစာရယူရကြောင်းလည်း သိရသည်။ နမ္မတူမြို့အတွင်း ည ၆ နာရီမှ မနက် ၆ နာရီအတွင်း သွားလာခွင့်ကန့်သတ်ထားကြောင်းလည်း ဒေသခံများကဆိုသည်။ နမ္မတူမြို့၏ သွားလာရေးအခြေအနေ၊ ဒေသခံများ၏ လုံခြုံရေးအခြေအနေတို့အတွက် TNLA ၏ ဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရန် TNLA ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးတာအိုက်ကျော်နှင့် TNLA ပြန်ကြားရေးရုံးသို့ မဇ္ဈိမမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

နမ္မတူမြို့ကို TNLAက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စစ်ကောင်စီထံမှ သိမ်းယူခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် နမ္မတူမြို့သည် TNLA ၏ ထိန်းချုပ်မှုအောက်တွင် အလုံးစုံရှိနေသည်။ နမ္မတူမြို့ သိမ်းယူခံရပြီးနောက် လားရှိုးမြို့ဘက်မှ စစ်ကောင်စီတပ်သည် ခံစစ်ပြင်ဆင်သည့်အနေဖြင့် လမ်းပိုင်းများကို ဖြတ်တောက်နေခြင်းဖြစ်ကြောင်းဒေသခံများမှပြောသည်။ နမ္မတူမြို့ နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် မန်တုံမြို့နှင့် နမ့်ဆန်မြို့တို့ကိုလည်း TNLA မှသိမ်းယူထားပြီးဖြစ်သည်။

စာတည်း – အေးချမ်း

TNLA