ရှမ်းပြည်နယ်တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများကို ကူမင်းမြို့မှတဆင့် နိုင်ငံရင်းသို့ ပြန်ပို့ရန် စီစဉ်

ရှမ်းပြည်နယ်တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများကို ကူမင်းမြို့မှတဆင့် နိုင်ငံရင်းသို့ ပြန်ပို့ရန် စီစဉ်

Photo: AFP

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲများ အရှိန်မြင့်နေစဉ် ရှမ်းပြည်နယ်၌ ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၁၆၂ ဦးကို တရုတ်နိုင်ငံ ကူမင်းမြို့မှတဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ယူရန် ထိုင်းအစိုးရက စီစဉ်လျက် ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရာချာတီ ဟာ့ခ်ပန်းက နိုဝင်ဘာ ၅ ရက်တွင် ပြောသည်။

တရုတ်နှင့် မြန်မာစစ်ကောင်စီအကြား မကြာသေးခင်က ဆွေးနွေးမှုအတွင်း နှုတ်အားဖြင့် သဘောတူခဲ့သည့် လမ်းကြောင်းကို ထိုင်းနိုင်ငံသားများ မူလနိုင်ငံသို့ ပြန်ရေးအတွက် စီစဉ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ တရုတ်နယ်စပ်အနီးတွင် တည်ရှိသည့် လောက်ကိုင်မြို့ရှိ အခြေအနေသည် ပိုမိုဆိုးဝါးလာလျက် ရှိကြောင်း ထိုင်းဒုရဲချုပ်က ပြောသည်။

လူကုန်ကူးသမားများ၏ လိမ်ညာလှည့်စား ခေါ်ဆောင်ခြင်းခံရပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် ထိုင်း ၂၉ ဦးအား နိုင်ငံရင်း ပြန်လည်ခေါ်ယူမှုအတွက် အသေးစိတ်ကိစ္စများ လုပ်ဆောင်ရန် ထိုင်းဒုရဲချုပ်သည် နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်သို့ လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

အထက်ပါ လိမ်လည်လှည့်စားခံရသူများသည် တရုတ် ရာဇဝတ်ဂိုဏ်းအဖွဲ့များ၏ လူကုန်ကူးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့၏ ပတ်စ်ပို့များသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် လောက်ကိုင်သို့ ရောက်ရောက်ချင်းမှာပင် သိမ်းဆည်းခံခဲ့ရသည့်အတွက် ပဋိပက္ခဖြစ်ရာ နယ်စပ်မြို့မှ ထွက်ခွာနိုင်စွမ်းငှာ မတတ်သာပဲ ဖြစ်ခဲ့ရကြောင်း ထိုင်းဒုရဲချုပ်က ပြောသည်။

၎င်းတို့သည် လူကုန်ကူးသမားများ၏လက်တွင်းမှ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်ပြီးနောက် လောက်ကိုင်ရှိ ဟိုတယ်တခု၌ ပုန်းခိုနေခဲ့စဉ် နိုဝင်ဘာ ၄ ရက်တွင် စစ်ကောင်စီတာဝန်ရှိသူများက ကယ်ဆယ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို ဒေသရှိ စစ်စခန်းတခုသို့ ပို့ဆောင်ခဲ့ပြီး ယင်းနေရာတွင် အောက်တိုဘာလက လူကုန်ကူးသူများထံမှ ကယ်တင်ပေးခြင်းခံထားရသည့် အခြားသော ထိုင်းနိုင်ငံသား ၁၃၃ ဦးလည်း ရှိနေကြောင်း သိရသည်။

ထိုင်းဒုရဲချုပ်က ၎င်း ရန်ကုန်သို့ ရောက်သည်နှင့် မူလနိုင်ငံ ပြန်မည့် ထိုင်းနိုင်ငံသားများ ရှိရာ စစ်စခန်းသို့ သွားရောက်မည်ဟု ပြောသည်။

သို့သော် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများကို နိုင်ငံရင်းသို့ ပြန်ခေါ်ရန် ဘေးအကင်းဆုံးသော လမ်းကြောင်းနှင့် ပတ်သက်ပြီး ထိုင်းဒုရဲချုပ်က မြန်မာစစ်ကောင်စီ အာဏာပိုင်များနှင့် ဦးစွာ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။

ဧရိယာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ထိုင်းနိုင်ငံသားများကို နယ်စပ်ဖြတ်ကာ တရုတ်နိုင်ငံ ကူမင်းမှတဆင့် နိုင်ငံရင်း ပြန်ပို့ခြင်းကသာ ဘေးကင်းလိမ့်မည် ဖြစ်သလို ကူမင်းမှ လေကြောင်းခရီးစဉ်များ စီစဉ်ရန် ပိုမိုလွယ်ကူလိမ့်မည်ဟု ထိုင်းဒုရဲချုပ်က ပြောသည်။